ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စိတ်အားထက်သန်နေ

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စိတ်အားထက်သန်နေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီး
ဗီဂျေကူးမားဆင်းန်နှင့် တွေ့ဆုံစဉ်က အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်လိုကြောင်း
ပြောကြားခဲ့သည်ကို ကိုးကားကာ The Times of India သတင်းတစ်ရပ်တွင်
ဇူလိုင်လ ၂၈ ရက်နေ့က ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီး ဆူရှမာ ဆွာရက်ဂျ်၏ ကျန်းမာရေး အခြေအနေနှင့်
စပ်လျဉ်း၍ မေးမြန်းခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်ရန် မျှော်လင့်နေကြောင်း
ထည့်သွင်းပြောကြားခဲ့သည်ဟု ဇူလိုင်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော မီဒီယာအစည်းအဝေး
တစ်ခုတွင် အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗီကတ်စ်ဆွာရပ် က
ပြောကြားခဲ့သည်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးအတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဆင်းန်တို့ တွေ့ဆုံခဲ့ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား
ကဏ္ဍအသီးသီးမှ အကူအညီပေးရေးတို့နှင့် စပ်လျဉ်းပြီး ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်
ဒီမိုကရေစီအင်အား တောင့်တင်းခိုင်မာရေး၊ လွှတ်တော်ကိုယ်စားလှယ်များအား လေ့ကျင့်ပေးရေး၊
ဖက်ဒရယ် မူဝါဒဆိုင်ရာများတွင် မိမိတို့၏ အတွေ့အကြံုများကို မျှဝေပေးရေး၊ နိုင်ငံရေး
ပြန်လည်သင့်မြတ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် ကုလားတန်မြစ်ဖြတ်
သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အာရှအဝေးပြေးလမ်းမကြီးတို့ကဲ့သို့သော အိန္ဒိယနိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ ထောက်ခံအားပေးမှုများနှင့် စပ်လျဉ်းပြီး
ဆွေးနွေးခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ အဆိုပါလုပ်ငန်းများရှိ အိန္ဒိယလူမျိုး အကြံပေးပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍ၊
နေရောင်ခြည်စွမ်းအင်ထုတ် လုပ်မှုနှင့် ပြန်လည်သန့်စင်ထားသော ရေဆိုးများကို လမ်းတံတား
ဆောက်လုပ်ရေးတွင် ပြန်လည်အသုံးပြုရေးအပိုင်းများတွင် အိန္ဒိယနိုင်ငံ၏ ရှိပြီးဖြစ်သော
အတွေ့အကြံုများကို ပြန်လည်သင်ယူရန် မြန်မာနိုင်ငံက စိတ်ဝင်စားပါကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဆွာရပ်က ဆိုသည်။