တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသားများအား တရုတ်အစိုးရက ပြန်လည်လွှဲအပ်

တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသားများအား တရုတ်အစိုးရက ပြန်လည်လွှဲအပ်

တရုတ်နိုင်ငံ ရွှေလီမြို့၊ စီကိုင်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၆၈၁ ဦးကို
ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂၈ရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ တွင် သြဂုတ်လ ၁ ရက်နေ့က ဖော်ပြထားသည်။

ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သူများတွင် အမျိုးသား ၅၆၂ ဦး နှင့် အမျိုးသမီး ၁၁၉ ဦးတို့ ပါ၀င်ပြီး
၄င်းတို့ သည် တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းများ ကိုင် ဆောင်ထားခြင်း မရှိသောကြောင့်
ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ နန်းတော်နယ်ခြားဂိတ်တွင်
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနခွဲအမှတ်(၇) မူဆယ်ရုံးအဖွဲ့လဝကမှူး ဦးဇော်လင်းထံသို့
တရုတ်နိုင်ငံမှ လွှဲပြောင်းပေးခဲ့ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ မန်စီမြို့၊ ရွှေလီမြို့နှင့် ကြယ်ဂေါင်ရှိ မြန်မာ နိုင်ငံသားအများစုသည် အထည်စက်ရုံ၊
စီးကရက်စက်ရုံ၊ အထပ်သားစက်ရုံ၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်း၊ အရောင်းဆိုင်နှင့်
ကုန်တင် ကုန်ချစသည့် လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး တရားဝင်နေထိုင်ခွင့်
လက်မှတ် များဖြင့် တရားဝင်နေသူများ ရှိသကဲ့သို့ တရားမဝင်နေထိုင်သူ များလည်းရှိကြောင်း
လူဝင်မှုကြီးကြပ်ရေးဌာနခွဲ အမှတ်(၇) ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်က
ပြောကြားခဲ့ပြီး ရွှေလီရဲစခန်းဌာနမှူး ရဲမှူးကြီးကူပင်းအား ထပ်မံလွှဲပြောင်းပေးရန်
တောင်းဆိုထားကြောင်း သိရသည်။