အများနှင့် သက်ဆိုင်သောနေရာများတွင် မြန်မာ-ဂျပန် အသင်းက သန့်ရှင်းရေး လစဉ်ပြုလုပ်သွားမည်

အများနှင့် သက်ဆိုင်သောနေရာများတွင် မြန်မာ-ဂျပန် အသင်းက သန့်ရှင်းရေး လစဉ်ပြုလုပ်သွားမည်

မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးမှ ရန်ကုန်မြို့ရှိ အများနှင့်
သက်ဆိုင်သောနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများနှင့် ပညာပေးအစီအစဉ်များ
ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း
နာယက ဦးဌေးအောင် ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂ ရက် နေ့က ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အများနှင့် သက်ဆိုင်သော နေရာများဖြစ်သည့် ဆေးရုံ၊ ကျောင်းများနှင့်
စေတီပုထိုးများတွင် သန့်ရှင်းရေး အလုပ်ကို လစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
လမ်းဆုံ လမ်းခွနေရာများတွင် “ကွမ်းမစားရ၊ အမှိုက်မပစ်ရ” ပညာပေး အစီအစဉ်များ
လုပ်ဆောင်သွားရန် ရှိကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က ရွှေတိဂုံဘုရားရင်ပြင်၌
ပြုလုပ်ခဲ့သော မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ စုပေါင်း
သန့်ရှင်းရေးအလှူဒါနအခမ်းအနားတွင် ဦးဌေးအောင်က ပြောကြားခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်သည့် အခမ်းအနားတွင် မြန်မာ-ဂျပန်
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အသင်း ဝင်ပေါင်း ၃ဝဝ ခန့်မှ ရင်ပြင်ပေါ်တွင်
တံမြက်စည်းလှည်းခြင်း၊ ဆီမီး ဖယောင်းတိုင် ထွန်းညှိသည့် နေရာများတွင် သန့်ရှင်းရေး
ပြုလုပ်ခြင်း၊ သန့်ရှင်းရေးနှင့်ပတ်သက်သော အသိပညာများ တိုးပွားရန် လက်ကမ်းကြော်ငြာများဖြန့်ဝေခြင်းတို့ကို ရွှေတိဂုံစေတီတော်ရင်ပြင်တစ်ပတ်
ပြုလုပ်ခဲ့ကြောင်း သိရသည်။