ကျသင့်ငွေအပေါ် ပြေစာထုတ်မပေးခြင်း၊ အခွန်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့ကို သတင်းပေးပို့နိုင်သူအား ရာခိုင်နှုန်းအလိုက် ဆုချီးမြှင့်မည်

ကျသင့်ငွေအပေါ် ပြေစာထုတ်မပေးခြင်း၊ အခွန်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့ကို သတင်းပေးပို့နိုင်သူအား ရာခိုင်နှုန်းအလိုက် ဆုချီးမြှင့်မည်

ပြည်တွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများသည် ကျသင့်ငွေအပေါ်
ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာထုတ်ပေးသော်လည်း ကျသင့်အခွန် တန်ဖိုးအတိုင်း
အခွန်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာ အခွန်ရုံးသို့
အထောက်အထား ခိုင်လုံစွာဖြင့် သတင်းပေးနိုင်သူအား ရာခိုင်နှုန်းများအလိုက် ဆုချီးမြှင့်သွားမည်
ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း မြဝတီသတင်းတစ်ရပ်တွင်
သြဂုတ်လ ၂ ရက်နေ့က ဖော်ပြထားသည်။

ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်ခရငွေ ငွေကျပ်သိန်း ၂ဝဝ အထက်
ရရှိသော စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများအနေဖြင့် ထိုကဲ့သို့
ပျက်ကွက်ခြင်းများကို အထောက်အထားဖြင့် တင်ပြနိုင်သူများအား ကျသင့်အခွန်၏ ၁ဝဝ ရာခိုင်နှုန်း
ဖြစ်သော ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်းအပြင် အကြိမ်အလိုက် ပျက်ကွက်ခြင်းအတွက် ဒဏ်ရိုက်သည့်
ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ သတ်မှတ်ထားသော ပြေစာ
ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးအတိုင်း
အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက
ပြေစာတန်ဖိုးအပေါ် ကျသင့်အခွန်၏ ၁ဝဝ ရာခိုင်နှုန်းကို ဒဏ်ငွေ အဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး
ဘဏ္ဍာနှစ်အတွင်း ပျက်ကွက်မှု အကြိမ်အလိုက် ငွေပမာဏ ပေးဆောင်ရမည် ဖြစ်ကြောင်း၊
လုံလောက်သော အကြောင်းပြချက်မရှိဘဲ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက
တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိ ကျခံရမည်
ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

- မြဝတီသတင်း