SIM Card များ မှတ်ပုံတင်သုံးစွဲရန်ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

SIM Card များ မှတ်ပုံတင်သုံးစွဲရန်ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်ကာ
SIM Card များအား မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက ၂ဝ၁၇ ခုနှစ်
မတ်လ ၃၁ ရက်နေ့မှစ၍ ဝန်ဆောင်မှု ယာယီရပ်စဲသွားမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ
ပြန်လည်သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး
ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂ ရက်နေ့က ဖော်ပြထားသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အများပြည်သူလုံခြံု ရေးကို ထိရောက်စွာ
အကာအကွယ်ပေးနိုင်ရန်၊ မိုဘိုင်းဖုန်း အသုံးပြု၍ mobile banking၊ mobile money၊
online shopping စသည့် ကိစ္စရပ် များပြုလုပ်ရာတွင် အသိအမှတ်ပြုပစ္စည်းတစ်ခုအနေဖြင့်
ဆက်စပ်အသုံးပြုနိုင်ရန်နှင့် SIM Card ပျက်စီး၊ ပျောက်ဆုံး မှုများဖြစ်ပေါ်ပါက အလွယ်တကူ
ပြန်လည်ရရှိ သုံးစွဲနိုင်ရန်တို့အတွက် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ
မှတ်ပုံတင်၍ သုံးစွဲခြင်းစနစ်အား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

SIM Card မှတ်ပုံတင်ရန် လိုအပ်သည့် အချက်အလက်များမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား
အမှတ်(သို့မဟုတ်) အခြားအကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်း
လိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများအတွက်သာ)၊ အဆိုပါကတ်ပြားများ မိတ္တူ၊
အဘ အမည်၊ မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်)၊ လူမျိုး/နိုင်ငံသား၊ ကျား/မနှင့် နေရပ်လိပ်စာတို့
ဖြစ်သည်။

ယခင်မှတ်ပုံတင်ပြီး SIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်း မရှိလျှင်သော်
လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိသော်လည်း မိမိကိုယ်တိုင် သုံးစွဲခြင်း မရှိတော့လျှင်
သော်လည်းကောင်း သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့်
အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း
ဖော်ပြထားသည်။

- ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ