ရန်ကုန်မြို့ရှိ မုန်တိုင်းရေဒါ (ရန်ကုန်ရေဒါ) သည် တည်ဆောက်မှု အပိုင်းနှင့် စက်ပစ္စည်းတပ်ဆင်သည့်
အပိုင်းများ ရာနှုန်းပြည့် ပြီးစီးနေသဖြင့် စမ်းသပ်လည်ပတ်လျက်ရှိပြီး အောက်တိုဘာလတွင်
လုပ်ငန်းများ စတင်လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(ရန်ကုန်-ကမ္ဘာအေး) ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
သြဂုတ်လ ၂ ရက်နေ့က ဖော်ပြထားသည်။
ရန်ကုန်ရေဒါစခန်းသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မိုးလေဝသတိုင်းတာရေးစခန်း
(အောက်မြန်မာပြည်) ရုံးဝင်းအတွင်း၌ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက်ထားသည့်
Doppler Radar (S-Band) အမျိုးအစားဖြစ်ပြီး လက်ရှိတွင် စက်များ ပုံမှန်လည်ပတ်မှု ရှိ၊ မရှိနှင့်
ဖြည့်စွက်စရာများ သိရှိနိုင်စေရန် စမ်းသပ် လည်ပတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်ရေဒါသည် အမြင့် ရ၅ မီတာ၊ အကျယ် ၁၃ မီတာ၊ မတ်စေ့ပုံ ထောင့်ရှစ်မြှောင့်ပုံ
အထပ် ၁၈ ထပ်ရှိကာ ကျောက်ဖြူရေဒါနှင့် မန္တလေးရေဒါများထက် ပိုမိုမြင့်မားပြီး စက်လည်ပတ်နိုင်ရန်
ဂျပန်နိုင်ငံ Japan Radio Co.,Ltd မှ နည်းပညာရှင်များက မြန်မာနိုင်ငံမှ အင်ဂျင်နီယာများအား
စက်တင်ဘာလမှ စတင်၍ သင်တန်းများ ပို့ချပေးမည် ဖြစ်သည်။
အဆိုပါရေဒါသည် ရန်ကုန်မြို့ တစ်ဝိုက် ၄၅ဝ ကီလိုမီတာကျော်အတွင်း ဖြစ်ပေါ်နေသော
မုန်တိုင်းအခြေအနေ၊ မိုးရွာသွန်းမှု အခြေအနေနှင့် လေပြင်းတိုက်ခတ်မှုအခြေအနေများကို
နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရှိ သဘာဝဘေး
ဘက်စုံသတိပေးဗဟိုဌာန၊ အမျိုးသားမိုးလေဝသခန့်မှန်းရေးဗဟို ဌာနသို့ သတင်းအချက်အလက်များ
ပေးပို့မည်ဖြစ်ပြီး ယင်းမှတဆင့် မှန်ကန်သော သတိပေးချက်များ ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။










