နာဂဒေသတွင် ထူးဆန်းသော ရောဂါကြောင့် ကလေးများသေဆုံးခဲ့

နာဂဒေသတွင် ထူးဆန်းသော ရောဂါကြောင့် ကလေးများသေဆုံးခဲ့

၀က်သက်ရောဂါနှင့် ဆင်တူသော ရောဂါလက္ခဏာများ ရှိသည့်ရောဂါတစ်မျိုးကြောင့်
နာဂဒေသတွင် ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် သြဂုတ်လ ၄ ရက်နေ့က
ဖော်ပြထားသည်။

နာဂတောင်တန်းဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ဖျားပိုင်းတွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ
အရှေ့ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေကာ နာဂတိုင်းရင်းသားလူမျိုးများ အများစုနေထိုင်ရာ
ဒေသဖြစ်သည်။ စတင်ဖြစ်ပွားခဲ့သော ဇွန်လမှစ၍ အရွယ်ရောက်ပြီးသူများနှင့် ကလေးငယ်များမှာ
ရောဂါဒဏ်ကို ခံစားခဲ့ရသော်လည်း အသက်ငါးနှစ်အောက် ကလေးငယ်များကိုသာလျှင်
သေစေနိုင်လောက်သည့် ရောဂါဖြစ်ဖွယ်ရှိကြောင်း နာဂဒေသမှ လွှတ်တော်ကိုယ်စားလှယ်က
ပြောကြားခဲ့သည်။

အမျိုးအမည်မသိသည့် ရောဂါကြောင့် ဇွန်လမှစ၍ လဟယ်မြို့နယ်မှ ကလေး ၂၃ ဦးနှင့်
နန်းယွန်းမြို့နယ်မှ ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း၊ ကိုယ်ပေါ်တွင် အနီရောင်
အစက်အပြောက်များ ထွက်ပေါ်လာခဲ့ပြီး အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းမှတဆင့်
အသက်ရှူကြပ်ခြင်းနှင့် ချောင်းဆိုးသွေးပါခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း နာဂကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်၊ အင်န်အယ်ဒီပါတီမှ
လွှတ်တော်ကိုယ်စားလှယ်ဦးလောယုံက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားမှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး စမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်လျက်
ရှိကြောင်း နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက
အတည်ပြုပြောကြားခဲ့ သည်။ ကနဦးတွင် ၀က်သက်ရောဂါ သို့မဟုတ် ပြင်းထန်သော
တုပ်ကွေးရောဂါဟု ယူဆခဲ့ကြကြောင်း၊ သို့ရာတွင် ဓာတ်ခွဲခန်းအဖြေများ ထွက်လာမှသာ
အတိအကျပြောနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

- အေအက်ဖ်ပီ