ညောင်ဦး၌ ဧရာဝတီမြစ်ရေမြင့်တက်နေမှုမှာ နှစ်(၅ဝ) အတွင်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်နေ

ညောင်ဦး၌ ဧရာဝတီမြစ်ရေမြင့်တက်နေမှုမှာ နှစ်(၅ဝ) အတွင်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်နေ

ညောင်ဦးတွင် ယခုနှစ် ဧရာဝတီမြစ်ရေမြင့်တက်နေမှုမှာ ၂ဝဝ၄ ခုနှစ်က နှစ်(၅ဝ) အတွင်း
မြင့်တက်ခဲ့သည့် စိုးရိမ်ရေအမှတ်၂၂၆၃ စင်တီမီတာထက် ကျော်လွန်မြင့်တက်နေကြောင်း
ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စာရင်းမှတ်တမ်းများကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၅ ရက်နေ့က ဖော်ပြထားသည်။

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၂၁၂ဝ စင်တီမီတာရှိရာ ညောင်ဦးမြို့
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၂ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၂၁၂ဝ စင်တီမီတာအထက် ၂၂၈၂ စင်တီမီတာ ကျော်လွန်မြင့်တက်နေခဲ့၍
အဆိုပါ မြစ်ရေမြင့်တက်မှုမှာ ၂ဝဝ၄ ခုနှစ်က နှစ်(၅ဝ) အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့်
စိုးရိမ်ရေအမှတ် ၂၂၆၃ စင်တီမီတာ အထက် ၁၉ စင်တီမီတာခန့် ကျော်လွန်မြင့်တက်လာခဲ့ကြောင်း
ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ညောင်ဦးတွင် ဧရာဝတီမြစ်ရေ အဆမတန်မြင့်တက်နေမှုကြောင့် မြို့ပေါ်ရပ်ကွက်များမှ
ဒေသခံပြည်သူများ မြို့တွင်း သွားလာရာတွင် အသုံးပြုသည့် ပုဂံမြို့ဟောင်းသွားလမ်းမပေါ်သို့
ရေများလျှံတက်လာခဲ့သဖြင့် ပုဂံမြို့ဟောင်းသွားလမ်းကို ယာယီပိတ်ထားရပြီး ဒေသခံများအနေဖြင့်
မြို့တွင်းသွားလာရာတွင် ရေမဝင်သေးသည့်လမ်းများမှ ကွေ့ပတ်ဖြတ်သန်းသွားလာနေရကြောင်း
မြို့ခံ ပြည်သူများ၏ ပြောပြချက်အရ သိရသည်။