ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်တစ်ခုကို ကြို့ပင်ကောက်မြို့တွင်
ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၅ ရက်နေ့က ဖော်ပြထားသည်။
ဦးဝင်းတင်စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ စိတ်ပါဝင်စားသော ကြို့ပင်ကောက်
မြို့ သားများ၊ မြို့နယ်အသင်း (ရန်ကုန်) မှ အမှုဆောင်များနှင့် စာကြည့်တိုက်ဖြစ်မြောက်ရေး
ကော်မတီတို့ စုပေါင်း၍ အစည်းအဝေးတစ်ခုကို အင်းစိန်မြို့နယ် သီရိစန္ဒာဆေးရုံတွင်
ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်
ရွေးချယ်သတ်မှတ်ပေးပြီး ကြို့ပင်ကောက်မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဖြစ်မြောက်ရေးကော်မတီတို့
ပူးပေါင်း၍ မြေနေရာရှင်းလင်းခြင်း၊ အဆောက်အအုံပုံစံထုတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။
အဆောက်အအုံကို ခံ့ညားထည်ဝါစွာ ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေများ စတင်စုဆောင်းနေပြီ
ဖြစ်၍ စိတ်ပါဝင်စားသူများသည် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် သီရိစန္ဒာဆေးရုံ ဖုန်း ဝ၁-၆၄ဝ၂၅၉၊
ဝ၁-၆၄ဝ၂၆၂ နှင့် ဝ၁-၆၄၇၃၄၄ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖော်ပြထားသည်။










