ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့

မြန်မာ့တပ်မတော်နှင့် သြစတြေးလျတပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သော Myanmar-Australin
United Nations Peacekeeping Training Programme ကုလသမဂ္ဂငြိမ်းချမ်းမှု
ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၈ ရက် နေ့တွင် နေပြည်တော်ရှိ
Park Royal ဟိုတယ်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် သြဂုတ်လ ၉ ရက်နေ့က ဖော်ပြထားသည်။

အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက UN Peacekeeping တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ
ပါ၀င် ဆောင်ရွက်ခဲ့မှုနှင့် ၂၀၁၄ ခုနှစ်မှ ယနေ့ထိ လိုက်ဘေးရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့၌
UN Observer အဖြစ် တာဝန်ထမ်းဆောင်မှု၊ သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ပေးသည့်
သြစတြေးလျ နိုင်ငံဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍
ပြောကြားခဲ့ပြီး အကျိုးရှိသည့် သင်တန်း ဖြစ်စေရေး ကြိုးစားအားထုတ်လေ့လာကြရန်
သင်တန်းသားများအား တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာ့တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာ သင်ယူနိုင်စေရန်၊ သင်တန်းနည်းပြများ၊
သင်တန်းသားအရာရှိများ အချင်းချင်း အပြန်အလှန်တွေ့ဆုံဖလှယ်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံ
တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး
သြဂုတ်လ ၁၈ ရက်အထိ ၁၀ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။