ဦးပိန်တံတားကြီးပေါ် ပြန်လည်ဖြတ်သန်းခွင့်ပြု

ဦးပိန်တံတားကြီးပေါ် ပြန်လည်ဖြတ်သန်းခွင့်ပြု

 

ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည့်
ဦးပိန်တံတားကြီးအား သြဂုတ်လ ၈ ရက်ကပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၉ ရက်နေ့ကဖော်ပြထားသည်။

တံတားကြီး၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေး၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်
တံတားကြီးကို မှီခိုရောင်းဝယ်နေကြသည့် စျေးဆိုင်များ၊ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း
ပြည်ပ ဧည့်သည်များဖြင့် ပုံမှန်အခြေအနေအတိုင်း စည်ကားလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဦးပိန်တံတားကို ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် တံတားကြီးကို မှီခိုပြီး လုပ်ကိုင်
စားသောက်နေသောစျေးသည်များအတွက် ဝမ်းသာရကြောင်း၊ ဧည့်သည်များလည်း ပြန်လည်
လာရောက်ကြကြောင်း စစ်ကိုင်းမြို့မှ ဦးပိန်တံတားသို့ စျေးလာရောက်ရောင်းချသည့်
ကိုအေးတင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထိမ်းအမှတ်တစ်ခုဖြစ်သော ဦးပိန်တံတားကြီးကို လက်ရှိထိန်းသိမ်းထားမှုကို
အားရမှု ရှိကြောင်း၊ ရေမြုပ်ပြီး ရေပြန်ကျသွားချိန်တွင်လည်း ပြုပြင်ထိန်းသိမ်းမှုများ အချိန်မီ
လုပ်သင့်ကြောင်း တံတားကြီးသို့ လာရောက်လည်ပတ်သည့် ပြင်သစ်နိုင်ငံသူ ရှားလော့က
အကြံပြုပြောကြားခဲ့သည်။

တောင်သမန်အင်းအတွင်း ရေဝင်ရောက်မှုမြင့်တက်လာပြီး ဦးပိန်တံတားကြမ်းခင်းအထိ
ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သဖြင့် တံတားပေါ်ဖြတ်သန်းခွင့်အား သြဂုတ်လ ၁ ရက်မှ ရ ရက်အထိ
ယာယီတားမြစ်ခဲ့ကာ လက်ရှိအချိန်တွင် ရေများကျဆင်းသွားသဖြင့်သြဂုတ်လ ၈ ရက်တွင်
ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။