အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သြဂုတ်လ ၁၂ ရက်မှ စတင်ပြုလုပ်မည်

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သြဂုတ်လ ၁၂ ရက်မှ စတင်ပြုလုပ်မည်

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့် ပတ်သက်သည့်
သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၂ ရက်မှ စတင်၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊
၀န်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၉ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအစီအစဉ်အရ သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့က ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်း
ဖော်ပြထားသည်။

ယခုအပတ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် သတင်းရယူလိုသည့်
သတင်းဌာနများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့်
သတင်းပြန်ကြားရေး ဌာနခွဲ၊ Email: [email protected] သို့ လိပ်မူ၍
အမည်၊ မှတ်ပုံတင်အမှတ်၊ သတင်းဌာန၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ (အီးမေးလ်လိပ်စာ) တို့ကို
ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး ယနေ့ သြဂုတ်လ ၉ ရက် နေ့မှစ၍ သြဂုတ်လ ၁၁ ရက်
နံနက် ၁၀ နာရီအထိ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲများ
ပြုလုပ်သွားမည်ဖြစ်ပြီး ကျင်းပမည့်ရက်နှင့် ရှင်းလင်းမည့် ၀န်ကြီးဌာနများစာရင်းကို
ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။