ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာ အနီးရှိ ငမိုးရိပ်ရေလှောင်တမံသည်
ဧရာဝတီမြစ်ရေမြင့်တက် မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံကျိုးပေါက်မှုဖြစ်ပေါ် နိုင်ကာ
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တချို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နိုင်သည်ဟု လူမှုကွန်ရက်စာ
မျက်နှာများတွင် သတင်းများ ပျံ့နှံ့နေမှုမှာ ကောလာဟလသတင်းအမှားများသာဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကံချွန်က မြန်မာ့သတင်းစဉ်သို့ ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၀ ရက်နေ့က ဖော်ပြထားသည်။
ငမိုးရိပ်ရေလှောင်တမံနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း၊ လူမှုကွန်ရက်စာမျက်နှာတွင်
ပျံ့နှံ့နေသော သတင်းများမှာ အမှား များသာဖြစ်ကြောင်း၊ ဆည်မှာ ရေပြည့်ရန် ခုနစ်ပေမျှပင်
လိုနေ သေးပြီး ပြည့်ခဲ့လျှင်ပင် ယခုသြဂုတ်လကုန်မှ ပြည့်မည်ဖြစ်ကြောင်း
လက်ထောက်ညွှန်ကြားရေးမှူး ဦးကံချွန်က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်မှာ ယမန်နှစ်က ဖြစ်ရပ်ကို ပုံတူကူးချကာ လူအများ အထိတ်တလန့်ဖြစ်အောင်
လုပ်ခြင်းဖြစ်ကြောင်း၊ သတင်းအမှန် ကို သိရှိလိုပါက ဖုန်း-ဝ၉၇၉၆၂၁၇၃၉၅ ကို အချိန်မရွေး
ဆက်သွယ် မေးမြန်းနိုင်ကြောင်း သတင်းအမှားများပျံ့နှံ့နေမှုနှင့် စပ်လျဉ်း၍ ဦးစီး အရာရှိ
ဦးခင်မောင်ဌေးက ပြောကြားခဲ့သည်။
ငမိုးရိပ်ရေလှောင်တမံသည် မြေသားတမံအမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စတင်
တည်ဆောက်ခဲ့ကြောင်း၊ တမံမှ ရေကို ရန်ကုန်မြို့နေ လူထုသောက်သုံးရေအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ နေ့စဉ် ရေဂါလန် သန်း ၉ဝ အပြင်
နွေရာသီတွင် စပါး စိုက်ပျိုးရန်အတွက်လည်း ရေ ဖြန့်ဝေပေးလျက်ရှိကြောင်း ဆည်မြောင်း
ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ဆည်မြောင်းဦးစီးဌာနအနေဖြင့် ငမိုးရိပ်တမံ ကြ့ံခိုင်မှုရှိစေရန် မိုးရာသီကာလများတွင်
လိုအပ်သည့် တိုင်းတာမှုများစစ်ဆေးခြင်း၊ ရေမှတ်များ အမြဲမပြတ်စောင့်ကြည့်ခြင်း၊
ရေစိမ့်ပေါက်များအား တိုင်းတာ စစ်ဆေးခြင်း၊ တမံအမြင့် မှန်၊ မမှန်စောင့်ကြည့်စစ်ဆေးခြင်းများကို
သက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အချိန်ပြည့် စောင့်ကြည့်စစ်ဆေးလျက် ရှိကြောင်း
သိရသည်။









