မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်
အတွက် eSite လျှပ်စစ်ဓာတ်အား စနစ်ကို Flexenclosure ကုမ္ပဏီက ဖော်ဆောင်
သွားမည်ဖြစ်ကြောင်း Business Green သတင်းတစ်ရပ်တွင် သြဂုတ်လ ၁၀ ရက်နေ့က
ဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြန့်ကျက်လုပ်ဆောင်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးသော
hybrid စွမ်းအင်စနစ်၏ ၈၀ ရာခိုင်နှုန်းကို eSite လျှပ်စစ်ဓာတ်အားစနစ်ဖြင့် ထောက်ပံ့ပေးရန်
အမှာစာသစ်ကို မလေးရှားနိုင်ငံမှ OCK လုပ်ငန်းစုထံမှ ရရှိထားပြီ ဖြစ်ကြောင်း ဆွီဒင်နိုင်ငံအခြေစိုက်
ဟိုက်ဘရစ်စနစ် စွမ်းအင်လုပ်ငန်း ကုမ္ပဏီ Flexen closure ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ eSite လျှပ်စစ်ဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ်၊ ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်နှင့် ဘတ္ထရီသိုလှောင်အားတို့ကို ပေါင်း စပ်ထားသည့်အတွက် ဝေးလံခေါင်ဖျားဒေသများ
ကိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။ OCK လုပ်ငန်းစု၏ စီးပွားဖက်ဖြစ်သော တယ်လီနောကုမ္ပဏီက ဖော်ဆောင်လျက်ရှိသည့် မြန်မာ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို
ဖြန့်ကျက်နိုင်ရန်အတွက် အဆိုပါအစီအစဉ်ကို ၂၀၁၃ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်
မြန်မာနိုင်ငံတစ်ဝန်း၌ eSite စနစ်ပေါင်း ၁၂၀၀ ကျော်ကို တပ်ဆင်ပြီးပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တွင် ကွန်ရက်ဖြန့်ကျက်မှုကို လက်ရှိလူဦးရေ၏ ၁၀ ရာခိုင် နှုန်းမှသည် ၂၀၁၈ ခုနှစ်တွင်
၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် တယ်လီနော မြန်မာက ရည်မှန်းထား ကြောင်း၊ ယခုကဲ့သို့
OCK နှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ရသည့်အတွက် Flexenclosure အနေဖြင့် မြန်မာနိုင်ငံတွင်
ဟိုက်ဘရစ် စွမ်းအင်သုံး လျှပ်စစ်စနစ် ထိပ်တန်းထုတ်လုပ်သူအဖြစ် နေရာတစ်နေရာကို
အခိုင်အမာရရှိစေကြောင်း Flexenclosure ၏ အမှုဆောင်အရာရှိချုပ် ဒေးဗစ်ကင်းက
ပြောကြားခဲ့သည်။










