မြန်မာနိုင်ငံကာတွန်းဆရာများက ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုသောအားဖြင့် ငြိမ်းချမ်းရေး
ကာတွန်းပြပွဲ ၂၀၁၆ ကို သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်
ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၁၁ ရက်နေ့က
ဖော်ပြထားသည်။
အဆိုပါငြိမ်းချမ်းရေးကာတွန်းပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ နံနက် ၉ နာရီမှ
ညနေ ၆ နာရီအထိ ပြသသွားမည် ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း
ဖော်ပြထားသည်။
ပြပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ ကာတွန်းဆရာများ ရေးဆွဲသည့် ကာတွန်းလက်ရာများ ပါ၀င်မည်ဖြစ်ပြီး
ပြသမည့် ကာတွန်းပုံများကို မောင်မောင်၊ အော်ပီကျယ်၊ ၀င်းအောင်၊ ကိုရွှေထူး၊ နေမျိုးအေး၊
မောင်ရွှေဝင်း စသည့် ကာတွန်းဆရာများက စိစစ် ရွေးချယ်ထားကြောင်း၊ ကာတွန်းဆရာတစ်ဦးလျှင်
နှစ်ပုံ ပြသခွင့်ရှိပြီး ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို
ပျက်ပြားစေမည့် စကားလုံးများ၊ သရုပ်ဖော်ကာတွန်း ပုံများကို ပြသသွားမည် မဟုတ်ကြောင်း
သိရသည်။









