မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိအချိန်ထိ ခြောက်ဦးသေဆုံးခဲ့ပြီး
လေးသိန်းနှစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သြဂုတ်လ ၁၂ ရက်နေ့တွင်
ထုတ်ပြန်ခဲ့သည် ကို ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် သြဂုတ်လ ၁၂ ရက်နေ့က
ဖော်ပြထားသည်။
ဇူလိုင်လလယ်က စတင်ဖြစ်ပွားခဲ့သော ရေကြီးမှုသည် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သော်လည်း ကချင်ပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်မူ
ရေကျသွားပြီဖြစ်သောကြောင့် ကယ်ဆယ်ရေးစခန်းများကို ပိတ်လိုက်ပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၉ ခု၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ
မြို့နယ် ၃ ခုတို့မှာ ရေဘေးဒဏ်ကို နောက်ဆုံးခံစားရသည့်ဒေသများဖြစ်ပြီး ဒေသခံပြည်သူများ
ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိသည်ဟု ဆိုသည်။
အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည်လည်း
သြဂုတ်လ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ပြီး မိုးညိုမြို့နယ်ရှိ ရေဘေးသင့်
ပြည်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူများ
ပြန်လည်ထူထောင်ရေးအတွက် အစိုးရဘက်မှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု
ကတိပြု ပြောကြားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင်လည်း ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။









