ရန်ကုန်မြို့တွင် တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော တစ်ရက်လျှင်အမှိုက်တန် ၆ဝ
မီးရှို့နိုင်သည့် အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံကို ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် စမ်းသပ်လည်ပတ်နိုင်မည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနမှ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင်သြဂုတ်လ ၁၅ ရက်နေ့က ဖော်ပြထားသည်။
ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီတို့ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်နေသော အဆိုပါ အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံ
Waste to Energy ကို မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ကြား လှော်ကားလမ်းဘေးတွင်
တည်ဆောက်လျက်ရှိပြီး လက်ရှိတွင် ပြီးစီးမှုရာခိုင်နှုန်း ၈ဝ ခန့်ရှိပြီဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်၊
အောက်တိုဘာလ ၁၅ ရက်က စက်ရုံကို စတင်ပန္နက်ရိုက်ခဲ့ပြီး ယခုနှစ်ကုန်တွင် အကြမ်းထည်ပြီးစီးကာ
နှစ်ဆန်းပိုင်းတွင် စမ်းသပ်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင်
စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန
လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားခဲ့သည်။
စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် အမှိုက် တန် ၆ဝ ကိုမီးရှို့နိုင်ပြီး လျှပ်စစ်ဓာတ်အား
တစ်နာရီလျှင် ကီလိုဝပ် ရဝဝ ထွက်ရှိမည်ဖြစ်ကာ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားမှ
၄ဝဝ ကီလိုဝပ်ကို စက်ရုံလည်ပတ်ရန်အတွက်နှင့် ကျန် ၃ဝဝ ကီလိုဝပ်ကို မဟာဓာတ်အားလိုင်းတွင်
ထည့်သွင်း ရောင်းချရန်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။ အဆိုပါစက်ရုံကို ဂျပန်နိုင်ငံနှင့်
အစိုးရချင်း ချိတ်ဆက်ကာ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုန်ကျမှုစရိတ်ကို
ဂျပန်နိုင်ငံနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တစ်ဝက်စီကျခံ ဆောင်ရွက်သွားမည့်
စီမံကိန်းတစ်ခုဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ သန်းခန့် ကုန်ကျမည် ဖြစ်ကြောင်း
သိရသည်။










