ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တန်ဖိုးနည်း ကနောင်အိမ်ရာ စီမံကိန်းတိုက်ခန်းသစ်များကို
ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးခန့် ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သဖြင့်
အခြေခံ လူတန်းစားပြည်သူများထံသို့ မကြာမီတွင် ရောင်းချပေးနိုင်တော့မည် ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူး ဒေါ်သဲစုငြိမ်း၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
သြဂုတ်လ ၁၅ ရက်နေ့က ဖော်ပြထားသည်။
သင့်တင့်သော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းသစ်များဖြင့် အခြေခံ လူတန်းစားပြည်သူများအိမ်ပိုင်
နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏
စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၉) ရပ်ကွက်
ကနောင်လမ်းမကြီးဘေးရှိ ၁၀ ဧကကျယ်ဝန်းသော မြေကွက်လပ်လွတ်ပေါ်၌ တန်ဖိုးနည်း
ကနောင်အိမ်ရာစီမံကိန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ခြောက်ခန်းတွဲ လေးထပ်မြင့်အဆောက်အအုံတိုက်ခန်း၌ ၄၆၈ စတုရန်းပေအကျယ်ရှိ
အခန်းပေါင်း ၄၈၀၊ အဆောက်အအုံအလုံး ၂၀နှင့် ရှစ်ခန်းတွဲ လေးထပ်မြင့်အဆောက်အအုံ တိုက်ခန်း၌
၄၈၄ စတုရန်းပေ၊ ၅၂၂ စတုရန်းပေ အကျယ် အခန်းပေါင်း ၃၈၄ ခန်းရှိ အဆောက်အအုံ ၁၂ လုံး
စုစုပေါင်း အဆောက်အအုံ ၃၂ လုံး၊ အခန်း ပေါင်း ၈၆၄ ခန်းကို ဆောက်လုပ်ထားပြီးဖြစ်ကြောင်း၊
တန်ဖိုးနည်း အိမ်ရာစီမံကိန်းတိုက်ခန်းများရောင်းချရာတွင် မည်သို့ မည်ပုံသတ်မှတ်ထားသော
စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ မည်သည့်နေ့ရက်တွင် ရောင်းချပေးမည်ကို အခြေခံလူတန်းစား
ပြည်သူများက စိတ်ဝင်တစား စောင့်မျှော်လျက်ရှိကြောင်း သိရသည်။










