၂၀၁၅ ခုနစ် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ
မြန်မာနိုင်ငံသည် လူဦးရေ တစ်သိန်းတွင် ယာဉ်တိုက်မှုဖြင့် သေဆုံးသူပေါင်း ၂၀.၃ ဦးနှုန်းဖြင့်
ဒေသတွင်း ၁၁ နိုင်ငံတွင် ဒုတိယနေရာ၌ တည်ရှိနေပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုသည်
ပြည်သူ့ကျန်းမာရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ သြဂုတ်လ ၁၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သော အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ကုလသမဂ္ဂမှ ချမှတ်ထားသော ၂၀၁၁-၂၀၂၀ လမ်းအန္တရာယ်ကင်းရှင်း ရေးလုပ်ငန်းစဉ်များနှင့်အညီ
ဘေးကင်းလုံခြံုသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်ခုကို အကောင်အထည်ဖော်ရန်အတွက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့သည် ယာဉ်စည်းကမ်း
ထိန်းသိမ်းရေးအဖွဲ့၊ အဝေးပြေးရဲတပ်ဖွဲ့ဌာနများနှင့် ဆက်စပ် အဖွဲ့အစည်းများ၊ အများပြည်သူတို့နှင့်
ပူးပေါင်းကာ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက်အား ကဏ္ဍအလိုက် လုပ်ဆောင်လျက်ရှိကြောင်း
ဖော်ပြထားသည်။
အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများကို လေ့လာအကဲဖြတ်မှုအရ
ယာဉ်မတော်တဆမှုများ၏ အဓိကအကြောင်းအရင်းများမှာ အရှိန်မြင့်စွာမောင်းခြင်း၊
တာယာကွဲထွက်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မလိုက်နာခြင်းနှင့် လုံခြံုစိတ်ချရမှု
မပြည့်စုံသော လမ်းအခြေအနေများကြောင့် ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ထိုပြဿနာများကို ဖြေရှင်းရန်
ယာဉ်ထိန်းရဲများက ယာဉ်မောင်းသူများ၏ အန္တရာယ်ဖြစ်စေသော အပြုအမူများလုပ်ခြင်းကို
တင်းကျပ်စွာ တားဆီးရန်၊ ယာဉ်တိုက်မှု အများဆုံးဖြစ်ပေါ်လေ့ရှိသော အမြန်လမ်းမ၏
အချို့နေရာများကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် အမြန်လမ်းမကြီးပေါ်တွင်
အရေးပေါ်အကူအညီများ အမြန်ဆုံး ရရှိနိုင်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။









