အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းဘဏ်များမှ ဘီလီယံ ၃၀ ထုတ်ချေးမည်

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းဘဏ်များမှ ဘီလီယံ ၃၀ ထုတ်ချေးမည်

မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းဘဏ်ခြောက်ခုပူးပေါင်းကာ ပြည်တွင်းရှိ SME လုပ်ငန်းများကို
ကျပ် ၃၀ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်က မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းတွင် ပြုလုပ်သည့် SME ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
အလားအလာကောင်းများဆီသို့ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၁၅ ရက်နေ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်သော SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်
ယခုကဲ့သို့ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ကာ လိုအပ်သည့် ချေးငွေများရယူနိုင်ရန်
လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ငွေချေးလိုသော လုပ်ငန်းရှင်များအနေဖြင့် အပေါင်ပစ္စည်းရှိပါက
အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အပေါင်ပစ္စည်းမရှိလျှင် အတိုးနှုန်း ၈ ဒသမ
၅ ရာခိုင်နှုန်း အပြင် ၂ ဒသမ ၅ ရာခိုင်နှုန်း ထပ်တိုးပေးဆောင်မှုဖြင့် ချေးပေးသွားမည်ဖြစ်ကြောင်း၊
အာမခံတင်ပြမည့်သူအနေဖြင့် အပေါင်ပစ္စည်း သို့မဟုတ် လုပ်ငန်းခိုင်မာမှုရှိရန် လိုအပ်ကြောင်း
၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ငွေထုတ်ချေးပေးမည့် ဘဏ် ခြောက်ခုမှာ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊
မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဘဏ်များ ဖြစ်သည်။

ချေးငွေလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် စက်တင်ဘာလ နောက်ဆုံးထားကာ
သက်ဆိုင်ရာဌာနသို့ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာမှ စစ်ဆေးပြီးပါက အမြန်ဆုံး
ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ငွေချေးရာတွင် အနည်းဆုံးကျပ်သိန်း ၁၅၀ မှ အများဆုံး
ကျပ် သိန်း ၅၀၀၀ ထိ ချေးပေးမည်ဖြစ်ပြီး အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် နှစ်စဉ်သက်တမ်းတိုး
ချေးငွေပုံစံမျိုး မဟုတ်ဘဲ ချေးငွေသက်တမ်းမှာ ငါးနှစ်ဖြစ်ကြောင်း သိရသည်။

ငွေချေးလိုသည့် SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမျိုးအစား အလိုက် သက်ဆ်ိုင်ရာဌာနများတွင်
မှတ်ပုံတင်ထားပြီး လုပ်သက် နှစ်နှစ် ရှိရမည်ဖြစ်ကြောင်း၊ အောင်မြင်နိုင်သည့် အလားအလာရှိသော
လုပ်ငန်းဖြစ်ရမည်ဟု သတ်မှတ်ထားပြီး SME လုပ်ငန်းရှင်များ အနေဖြင့် SME ဌာနမှ ဘဏ်သို့
လျှောက်ထား၍ အဆိုပါဘဏ်မှ ချေးငွေအာမခံအထောက်အထားများကို မြန်မာ့အာမခံလုပ်ငန်းသို့
တင်ပြရမည်ဖြစ်ကြောင်း သိရသည်။