နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော လမ်းပေါ်နေကလေးများ၏ ပြဿနာကို
ဖြေရှင်းရန်မှာ အရေးကြီးကြောင်း လမ်းပေါ်နေကလေးများ၏ ကာကွယ် စောင့်ရှောက်ခွင့်ဆိုင်ရာ
အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁၅ ရက်နေ့က ဖော်ပြထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း NGO အဖွဲ့အစည်း များပေါင်းစပ်ပြီး လမ်းပေါ်နေ ကလေးများကို
နွေးထွေးမှုပေးနိုင်ရန်၊ အသိပညာပေးနိုင်ရန်နှင့် ၄င်းတိုု့၏ ဘဝများ လမ်းမှန်ပေါ် ပြန်လည်
ရောက်ရှိစေရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဟူသော စီမံချက်တစ်ရပ်
ပေါ်ပေါက်လာစေရန် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေးခုမှ လမ်းပေါ်နေ ကလေး ၁၆၄ ဦးကို စစ်တမ်းကောက်ထားသော
ကနဦးဆန်းစစ်ချက်မှ တွေ့ရှိချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ကျန်းမာရေးဌာနမှ တစ်ပတ်တစ်ရက်
မိုဘိုင်းဆေးကုသရေးအဖွဲ့က လူမှုဝန်ထမ်းနှင့် ချိတ်ဆက်ကာ လမ်းပေါ်နေကလေးများ၏
ကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု သိရကြောင်း၊ အခြားသော ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး
တွေ့ရှိချက်များ အားလုံးကို ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများအားလုံး
ပေါင်းစပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်နန္ဒာနွယ်ဟန်က ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ယူနီဆက်၏ ဒေသတွင်း ဆောင်ရွက်နေမှုများ၊ လမ်းပေါ်နေ
ကလေးများအပေါ် ကာကွယ်စောင့်ရှောက်ခွင့်ဆောင်ရွက်ရာတွင် လတ်တလောဖြေရှင်း
ဆောင်ရွက်နေမှုများ၊ ကလေးများအပေါ် ဂေဟာသင်တန်းကျောင်းများ၏ သက်ရောက်မှုများကို
သက်ဆိုင်ရာအဖွဲ့များက ဆွေးနွေးကြပြီး လမ်းပေါ်နေကလေးများအတွက်
ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။










