ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်ရောင်းချသည့် ငါးများ စျေးနှိမ်ခံရ

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်ရောင်းချသည့် ငါးများ စျေးနှိမ်ခံရ

ကော့သောင်းမြို့မှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းလှေ လုပ်သားများ ထိုင်းနိုင်ငံ ငါးစျေးကွက်သို့
ငါးများ တရားဝင် သွားရောက်ရောင်းချရာတွင် ယခုရက်ပိုင်းအတွင်း ငါးစျေးများ နှိမ်၍ ဝယ်ယူခြင်း
ခံနေရကြောင်း သြဂုတ်လ ၁၂ ရက်က ဒေသခံငါးဖမ်းလုပ်သားများက ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၅ ရက်နေ့က
ဖော်ပြထားသည်။

သက်ဆိုင်ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနတွင် အခွန်အခများ ပေးဆောင်ပြီး တရားဝင်ခွင့်ပြုချက်
အထောက်အထားများဖြင့် ထိုင်းနိုင်ငံ ငါးစျေးကွက်သို့ ဒေသခံ ငါးဖမ်းလှေလုပ်သားများမှ
သွားရောက်ရောင်းချရာတွင် ငါးဝယ်ယူသည့် ထိုင်းလုပ်ငန်းရှင်များက သာမန် ငါးဖမ်းနည်းဖြင့်
ဖမ်းဆီးရရှိသော ငါးမှန်ကန်ကြောင်း၊ အဆိပ်ခတ်ခြင်း၊ ယမ်းခွဲ၍ ငါးဖမ်းခြင်း စသည့် နည်းဖြင့်
ဖမ်းခြင်း မဟုတ်ကြောင်း၊ ကန့်သတ် တားမြစ်ထားသည့် ငါးဖမ်းပိုက်၊ ကိရိယာများဖြင့် ဖမ်းဆီးခြင်း၊
ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ-မရှိ၊ တာရှည်ခံစေရန် ဖော်မလင်ကဲ့သို့ ဓာတုဗေဒဆေးရည် ထိုးခြင်း၊
စိမ်ခြင်း၊ ဖျန်းထားခြင်း ရှိ-မရှိ၊ အဆိပ်အတောက် ကင်းရှင်းပြီး စားသုံးရန်သင့်ကြောင်း ထောက်ခံစာ
အပါအဝင် စာရွက်စာတမ်း များတောင်းခံကြောင်း၊ စာရွက်စာတမ်း မပြည့်စုံလျှင် ဝယ်ယူခြင်း
မပြုကြောင်း သိရသည်။

သို့ရာတွင် မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသော ငါး၊ ပုဇွန်၊ ဂဏန်း စသည့် ရေထွက်ပစ္စည်းများအား
ထိုင်းနိုင်ငံပင်လယ် နယ်နိမိတ်အတွင်းမှ ဖမ်းယူရရှိကြောင်း အမည်ခံ၍ ရောင်းချလျှင် ဝယ်ယူကြောင်း၊
ထိုသို့အမည်ခံရသဖြင့် ငါးစျေးအား ပေါက်စျေးထက်များစွာ နှိမ့်ချ၍ ဝယ်ယူလျက်ရှိကြောင်း၊
အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ EU မှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း
မရှိသေးသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊
ဒေသခံရေလုပ်သားများအနေဖြင့်မူ ပင်လယ်လှိုင်းလေ အခက်အခဲများအကြား အပင်ပန်းခံ
လုပ်ကိုင်ရှာဖွေသမျှ အကျိုးဖြစ်ထွန်းမှု နည်းပါးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံရှိ ပင်လယ်ရေလုပ်ငန်း
ဖွံ့ဖြိုးရာ မြို့ကြီးများတွင် ပင်လယ်ရေထွက်ပစ္စည်း ရောင်းဝယ်ရေး စျေးကွက်များ ဖော်ဆောင်ပေးရန်
လိုအပ်လျက်ရှိကြောင်း ရေလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဦးငြိမ်းက
သုံးသပ်ပြောကြားခဲ့သည်။