စင်ကာပူနိုင်ငံ၌ အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားသော ချင်းတိုင်းရင်းသူ ရုပ်အလောင်း ကလေးမြို့သို့ရောက်ရှိ

စင်ကာပူနိုင်ငံ၌ အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားသော ချင်းတိုင်းရင်းသူ ရုပ်အလောင်း ကလေးမြို့သို့ရောက်ရှိ

 

စင်ကာပူနိုင်ငံ၌ အိမ်ရှင်သားအမိနှိပ်စက်ညှဉ်းပန်း၍ သေဆုံးသွားသော ချင်းတိုင်းရင်းသူ
မပြောင်ငိုက်ဒွန်၏ ရုပ်အလောင်းကို ကလေးမြို့သို့ သယ်ဆောင်လာခဲ့ရာ သြဂုတ်လ ၁၄ ရက်
ညနေပိုင်းတွင် ရောက်ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁၅ ရက်နေ့ ကဖော်ပြထားသည်။

စင်ကာပူနိုင်ငံ၌ နေထိုင်ကြသော ဇိုမီးမိသားစုအဖွဲ့၏ ဆောင်ရွက်မှု၊မြန်မာနိုင်ငံသံရုံးနှင့်
စင်ကာပူ အစိုးရတို့၏ ကူညီမှုဖြင့် သွားရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ကလေးမြို့ အထက (၂)
ကျောင်းရှေ့ တာဟန်းကက်သလစ်ဘုရားကျောင်း၌ စျာပနအခမ်းအနားပြုလုပ်ကာ
သြဂုတ်လ ၁၅ ရက်တွင် မွေးရပ်ဇာတိဖြစ်သော တီးတိန်မြို့နယ် ဒိမ်ပီးကျေးရွာသို့ ဆက်လက်
ပို့ဆောင်မည်ဖြစ်ကြောင်း တာဝန် ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မပြောင်ငိုက်ဒွန်သည် စင်ကာပူရှိ မိသားစုတစ်စုထံတွင် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်
အမျိုးသမီး သားအမိ၏ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသဖြင့်သေဆုံးခြင်းဖြစ်ပြီး အိမ်ရှင်အမျိုးသားက
မိမိ မိသားစုများ၏ မတရားမှုကို မနှစ်မြို့သဖြင့် တိုင်တန်းရာမှ အမှုမှန်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း
သေဆုံးသူ၏ ဆွေမျိုးများက ပြောကြားခဲ့သည်။

ဓာတ်ပုံ - MOI Webportal Myanmar