မြန်မာနိုင်ငံရေပိုင်နက် ကော့သောင်းခရိုင်၊ဆင်ကျွန်းအနောက်ဘက်ပင်လယ်ပြင်အတွင်း
တရားမဝင် ငါးဖမ်းလှတစ်စင်းကို ပင်လယ်ပြင်လုံခြံုရေးဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိ
အဖွဲ့ အစည်းတစ်ခုက သြဂုတ်လ ၁၄ ရက်တွင် ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ကြောင်း
ပြန်ကြားရးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၆ ရက်နေ့က
ဖော်ပြထားသည်။
အဆိုပါ ဝါလတ်ခေါ် တားမြစ်ထားသည့် တရွတ်ဆွဲပိုက်သုံး ငါးဖမ်းလှေသည်
ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး မြန်မာလူမျိုးအမည်ခံကာ လွန်ခဲ့သော ရက်သတ္တပတ်က
ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ထွက်ခွာလာကြောင်း၊ လှေအမည်စာလုံးအား ဖုံးအုပ်၍ ဆင်ကျွန်း
အနောက်ဘက်၊ ကော့သောင်းခရိုင် မြန်မာ့ ပင်လယ်ပြင်အတွင်း ဝင်ရောက်ငါးခိုးဖမ်းခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။
ရေယာဉ်မှူး (ပဲ့နင်း)အပါအဝင် ဖမ်းဆီးရမိသည့် ငါးဖမ်းလှေနှင့် လှေလုပ်သား ခုနစ်ဦးတို့အား
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလာရောက်လွှဲပြောင်းအပ်နှံပြီး မြန်မာနိုင်ငံ
ငါးလုပ်ငန်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EU ၏ IUU စီမံချက်ကြောင့် ထိုင်းနိုင်ငံ၏ ငါးလုပ်ငန်းတွင်ငါးဖမ်းလှေ အဝင်၊ အထွက်ကို
တင်းကျပ်စွာ စစ်ဆေးလျက်ရှိသောကြောင့် ထိုင်းရေပိုင်နက်သို့ ပြန်မဝင်ကြတော့ဘဲ
မြန်မာ့ရေပိုင်နက်တွင် ခိုအောင်းကာ ငါးခိုးဖမ်းနေကြကြောင်း၊ ဖမ်းယူရရှိသည့် ငါး၊ ပုစွန်၊
ကဏန်းများကို (ငါးသယ်လှေ) ကဲ့လှေများဖြင့် တစ်ဖက်ထိုင်းနိုင်ငံ ငါးစျေးကွက်သို့ သယ်ယူ
ပို့ဆောင်ရောင်းချနေကြောင်း တာဝန်ရှိ အဖွဲ့အစည်းများ၏ စစ်ဆေးချက်အရ သိရသည်။
- MOI Webportal Myanmar









