ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ အများဆုံး ဖြစ်ပွား

ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ အများဆုံး ဖြစ်ပွား

 

ယခုုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုအများဆုံးမှာ ဧရာဝတီ၊ ရန်ကုန်နဲ့
ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပြီး ယခုနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့ရှိ အချို့နေရာများတွင်ပါ ဖြစ်ပွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဂျပန် ဦးနှောက်ရောင် ရောဂါစီမံချက်မန်နေဂျာ ဒုတိယဝန်ကြားရေးမှူး
ဒေါက်တာဇော်လင်းက ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ကျူးလက်ခြင် ကိုက်ခြင်းကြောင့် ဖြစ်ပွားပြီး ခြင်မှ တစ်ဆင့် ဝက်၊
ငှက်၊ ဘဲ၊ ခို၊ လင်းနို့ စသည်တို့၏ ခန္ဓာကိုယ်ထဲတွင် ကူးစက်ပွားများကာ အဆိုပါတိရစ္ဆာန်များနှင့်
နီးကပ်စွာ နေထိုင်သူများတွင် ဖြစ်ပွားလေ့ရှိကြောင်း၊ အသက်အရွယ်မရွေး၊ ကျား-မ မရွေး
ကူးစက်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောကြားထားသည်။
ရောဂါပျိုးချိန်မှာ ၅ ရက်မှ ၁၅ ရက်အထိ ဖြစ်ပြီး ကူးစက်ခံရသူအများစုတွင် သာမန်တုပ်ကွေး
လက္ခဏာများဖြစ်သော ဖျားခြင်း၊ တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် ပိုမိုဆိုးရွားလျှင်
စိတ်မကြည်လင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
ကယောင်ကတမ်းဖြစ်ခြင်းနှင့် ပတ်ဝန်းကျင်ကို စိတ်မဝင်စားဘဲ တစ်ချိန်လုံးငိုက်မျဉ်းခြင်းတို့ဖြစ်တတ်ပြီး
ထို့ထက် ပိုမိုဆိုးရွားလျှင် တက်ခြင်း၊ ဇက်ခိုင်ခြင်းနှင့်ကြွက်သားတောင့်တင်းပြီး ပုံမှန်မျက်နှာအမူအရာ
ပြသနိုင်မှုမရှိခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်းများလည်းဖြစ်နိုင်သည့်
အတွက် သေဆုံးနိုင်ခြေမြင့်မားကြောင်းဒေါက်တာ ဇော်လင်းက ဂျပန်ဦးနှောက်ရောင်ရောဂါနှင့်
စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါမှ ပြန်လည်နာလန်ထကောင်းမွန်လာလျှင်ပင် ဦးနှောက်နှင့် အာရုံကြောများ
ထိခိုက်သည့်ဒဏ် ကျန်ရစ်ခဲ့သောကြောင့် စကားပြောရာတွင် အသံလေးပြီး မပီသခြင်း၊ အသံမထွက်
တော့ခြင်းနှင့် ကိုယ်အင်္ဂါ မသန်စွမ်းတော့ခြင်းများ ဖြစ်နိုင်သောကြောင့် မပေါ့ဆဘဲ ဆေးရုံ၊
ဆေးခန်းများတွင် ဂရုတစိုက်ကုသသင့်ကြောင်း၊ အခြားရောဂါများထက်သေဆုံးနိုင်ခြေမြင့်မားသည့်
အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကုသရေးအပိုင်းတွင်
အားစိုက်ဆောင်ရွက်နေသကဲ့သို့ ကာကွယ်နှိမ်နင်းရေးအပိုင်းကိုလည်း တစ်ပြိုင်တည်း
ဆောင်ရွက်နေကြောင်း၊ ရောဂါဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ သတင်းပေးပို့ခြင်း၊
မေးမြန်းစုံစမ်းခြင်း၊ လူနာအိမ်နှင့် ပတ်ဝန်းကျင်တွင် ဖျားနာသူ ရှိ/ မရှိ ကျန်းမာရေးဝန်ထမ်းများက
ရှာဖွေခြင်း၊ လူနာနေအိမ်ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များတွင် အလားတူရောဂါ ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း၊
ခြင်နှိမ်နင်းရေးလုပ်ငန်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။