ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)အမှုမှ
သေဒဏ်ချမှတ်ခံထားရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးတို့၏ အမှုတွဲအတွက်
အယူခံအမှုကို အယူခံတရားရုံးက ကိုင်တွယ်စစ်ဆေးနေပြီဖြစ်ကြောင်း ဗန်ကောက်မြန်မာသံရုံး
အထူးစုံစမ်းရေးကော်မတီအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။
ယခင်မူလရုံးအမှုတွဲ၌ စစ်ဆေးတွေ့ရှိချက်များကို သုံးသပ်စစ်ဆေးပြီး သေဒဏ်ချမှတ်ခံထားရသော
အယူခံတရားလို ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ အယူခံလွှာကို ရုံးတော်မှ နှိုင်းယှဉ်သုံးသပ်နေသည့်
ကာလဖြစ်ကြောင်း၊ တရားရုံးတော်၏ သုံးသပ်မှုကို လေးနက်စေရေးအတွက် လိုအပ်ပါက
အစိုးရရှေ့နေ (အယူခံတရားခံ) ကိုလည်းကောင်း၊ ဝင်းဇော်ထွန်းနှင့် ဇော်လင်း (အယူခံတရားလို)
ကိုလည်းကောင်း ဆင့်ဆိုမေးမြန်းခြင်း၊ ရှင်းလင်းချက်တင်ပြစေခြင်းများကို အယူခံတရားရုံးက
ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိတွင် ထိုင်းအစိုးရ ရှေ့နေက လာမည့် သြဂုတ်လ ၂၅ ရက်ထိ
အယူခံတွင် တင်ပြရန် ရက်တိုးတောင်းခဲ့ခြင်းဖြစ်ပြီး အမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရရှေ့နေဘက်မှ
ပြင်ဆင်ချိန် တောင်းဆို ခြင်းဖြစ်ကြောင်း၊ DNA အမှုဖြစ်စဉ် စ-လယ်-ဆုံးကို သုံးသပ်ပြီး ဥပဒေအရ
လွဲမှားမှုများကို ဖော်ထုတ်ခြင်းဖြင့်သာ အမှန်တရားကို ရရှိစေနိုင်မည်ဖြစ်ကြောင်း
ဗန်ကောက်မြန်မာသံရုံး အထူးစုံစမ်းရေးကော်မတီအဖွဲ့မှ ရှေ့နေကြီး ဦးအောင်မျိုးသန့်က
ရှင်းလင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)၌ ၂ဝ၁၄ ခုနှစ်
စက်တင်ဘာလ ၁၅ ရက်က ကမ္ဘာလှည့်ခရီးသည် ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုဖြစ်စဉ်နှင့်
စပ်လျဉ်း၍ အစွပ်စွဲခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့်
ဇော်လင်းတို့အား ကော့စမွေခရိုင် တရားရုံးတော်က လူသတ်မှု၊ မုဒိမ်းမှုတို့ အပါအဝင်
ပုဒ်မ ခုနစ်ခုတို့ဖြင့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။









