လှိုင်းဘွဲမြို့နယ်တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ကျင်းပ

လှိုင်းဘွဲမြို့နယ်တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက
ကြီးမှူး၍ နှစ်စဉ်မပျက် ဆင်ယင်ကျင်းပလေ့ရှိသော ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ
အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့တွင် အောင်မြေသာယာဘုန်းတော်ကြီးကျောင်း၌
စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအခမ်းအနားတွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ဖြစ်ပေါ်လာပုံများကို ပိုးကရင်ဘာသာ၊
စကော ကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် အသီးသီးဖတ်ကြားကာ ကရင်တိုင်းရင်းသား၊
တိုင်းရင်းသူများနှင့် ပွဲတော်သို့ လာရောက်သူများအား ကရင်တေးသံသာများဖြင့် သီဆိုတီးမှုတ်
ကပြဖျော်ဖြေကြပြီး ချည်ဖြူဖွဲ့ လက်ချည်ပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပလေ့ရှိသော ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ကွဲကွာနေသော ဆွေမျိုးများ
ပြန်လည်ဆုံတွေ့ ရန်၊ မိသားစုအချင်းချင်း ပြန်လည်စုစည်းကြစေရန်၊ ကရင်အမျိုးသား အချင်းချင်း
ချစ်ကြည်သွေးစည်းမှု ခိုင်မြဲစေရန်၊ လူငယ်လူရွယ်များကို လူကြီးသူမများက သွန်သင်ဆုံးမစကား
ပြောကြားနိုင်စေရန်၊ ယဉ်ကျေးမှု ငါးမျိုးဖြစ်သော စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့်
ရိုးရာဓလေ့များ မပျောက်ကွယ်စေရန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို
မြတ်နိုးထိန်းသိမ်းတတ်ပြီး အသိပညာ၊ အတတ်ပညာ မြင့်မားသော လူမျိုးများအဖြစ်
အစဉ်တည်တ့ံစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။