ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများနှင့်
ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြထားသည်။
လက်ရှိ MRTV ၏ Multi Channel Playout System တွင် ရုပ်သံထုတ်လွှင့်သူ (Content Provider)
များအဖြစ် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများမှ လုပ်ငန်းဆောင်ရွက်နိုင်မည့်အစီအမံများ၊
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုဖော်ပြချက်အဆိုပြုလွှာ
(Expression ofInterest) ဆိုင်ရာများနှင့် ပတ်သက်သည့် အချက်အလက်များကို
သြဂုတ်လ ၂၅ ရက်တွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌
ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ရာ ရုပ်သံထုတ် လွှင့်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများ
တက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအား သုံးသပ်ဆွေးနွေးရန်နှင့် မြန်မာနိုင်ငံရှိ
ရုပ်သံလွှင့်လုပ်ငန်းများ ညီညွတ်မျှတစွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပထမအကြိမ် ရုပ်သံလွှင့်
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကိုမေလ ၂၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး
အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
- MOI Webportal Myanmar









