ကတ်စနစ်သုံးစွဲမှု အဆင့်မြှင့်တင်ရေး မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်

ကတ်စနစ်သုံးစွဲမှု အဆင့်မြှင့်တင်ရေး မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်

 

ဂျပန်နိုင်ငံရှိ JCB (Japan Credit Bureau)၊ ဧရာဝတီဘဏ်နှင့် MPU ( Myanmar Payment Union) တို့
ပူးပေါင်း၍ နိုင်ငံပေါင်း ၁၉ဝ ကျော်တွင် VISA ကတ်ကဲ့သို့ ကိုင်ဆောင်အသုံးပြုနိုင်သည့်အပြင်
ပြည်တွင်း၌လည်း ငွေသားထုတ်ယူသုံးစွဲနိုင်မည့် နိုင်ငံတကာသုံး ကတ်အမျိုးအစားကို ယခုလကုန်တွင်
ထုတ်လုပ်သွားမည်ဟုသြဂုတ်လ ၁၆ ရက်က Novotel ဟိုတယ်၌ ပြုလုပ်ခဲ့သော လက်မှတ်ရေးထိုးပွဲ
အခမ်းအနားမှ သိရှိရသည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် ကတ်စနစ်ဖြင့်
ငွေပေးချေမှု ဖွံ့ဖြိုးလာသောကြောင့် ယခုကဲ့သို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
မြန်မာပြည်သူများအတွက်ရွေးချယ်စရာ အသစ်များနှင့် မတူညီသော အတွေ့အကြံုများ
ရရှိမည်ဟုမျှော်လင့်ကြောင်း JCB international မှ ဒုတိယဥက္ကဋ္ဌ Kimihisa Imada က ပြောကြားခဲ့သည်။
ယခုမိတ်ဆက်သည့် JCB ကတ်သည်မြန်မာနိုင်ငံ၏ ကတ်စနစ်သုံးငွေပေးချေမှုစျေးကွက်အတွက်
မိုင်တိုင်သစ်တစ်ခုဖြစ်သည်သာမက ပြောင်းလဲလာသော နိုင်ငံ၏ စီးပွားရေးအခြေအနေတွင်
ငွေသားမဲ့လူမှုပတ်ဝန်းကျင်အဖြစ် အဆင့်မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း ဧရာဝတီဘဏ်ဥက္ကဋ္ဌ
ဦးဇော်ဇော်က ဆက်လက်ပြောကြားခဲ့သည်။

JCB သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၉ဝ ကျော်၌ စျေးဆိုင်ပေါင်း ၃၁ သန်းအထိရှိပြီး ကတ်သုံးစွဲသူ
၉၅ သန်း ရှိကာ နိုင်ငံတကာမှ ဘဏ်ပေါင်း ၃၅ဝ ခန့်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ
ကတ်ကို မြန်မာနိုင်ငံတွင် ဧရာဝတီဘဏ်မှ ပလက်တီနမ်၊ ရွှေ၊ ငွေ အစရှိသည့် Credit
ကတ်အမျိုးအစားသုံးခုနှင့် Debit ကတ်ဟူ၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းကတ်ဖြင့်
မြန်မာပြည်အနှံ့အပြားရှိ MPU နှင့် ချိတ်ဆက်ထားသော ဆိုင်များနှင့် ATM စက်များတွင်သာမက
နိုင်ငံပေါင်း ၁၉ဝ ကျော်ရှိ JCB ကွန်ရက်ဖြင့် ချိတ်ဆက်ထားသော POS များနှင့် ATM များတွင်ပါ
ငွေပေးချေ ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊
ဗီယက်နမ်နှင့် လာအိုနိုင်ငံများတွင် ပါ အသုံးပြုနိုင်ကြောင်း သိရသည်။

- MOI Webportal Myanmar