ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ၌ သတင်းရယူကြမည့် ပြည်တွင်း/ ပြည်ပ မီဒီယာသမားများ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ပြီဖြစ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ၌ သတင်းရယူကြမည့် ပြည်တွင်း/ ပြည်ပ မီဒီယာသမားများ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ပြီဖြစ်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံသို့ တက်ရောက်သတင်းရယူလိုသည့်
ပြည်တွင်းပြည်ပသတင်းထောက်များအနေဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့က
ဖော်ပြထားသည်။

ညီလာခံကို သြဂုတ်လ (၃၁) ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း
ဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပမည်ဖြစ်ရာ တက်ရောက်သတင်း ယူလိုသူများအနေဖြင့်
ပြန်ကြားရေးဝန်ကြီးဌာန၏ Website ဖြစ်သောwww.moi.gov.mm တွင် Union Peace
Conference –21st Century Panglong ကို နှိပ်ကာ MEDIA REGISTRATION FORM တွင်
ပြည့်စုံစွာ ဖြည့်စွက်ပြီး Go ပြုလုပ် မှတ်ပုံတင်ခြင်းကို သြဂုတ်လ ၂၈ ရက် ညနေ ၄ နာရီ
နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝင်ထွက်ခွင့်ကတ်များကို သြဂုတ်လ ၃၀ ရက်
နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၌
ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ညီလာခံသို့ တက်ရောက် သတင်းရယူကြမည့် ပြည်တွင်း/ပြည်ပ မီဒီယာများ
တည်းခိုမှုလွယ်ကူစေရေးအတွက် Sky Palace Hotel တွင်စျေးနှုန်းသက်သာစွာဖြင့်
တည်းခိုနိုင်ရန်နှင့် Sky Palace Hotel မှ ညီလာခံကျင်းပရာ (MICC-2) သို့ Shuttle Bus
များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

နိုင်ငံတကာသတင်းထောက်များအနေဖြင့် နီးစပ်ရာသံရုံးများမှတစ်ဆင့်
ဗီဇာလျှောက်ထားကြရမည် ဖြစ်ပြီး ပြည်တွင်းပြည်ပအခြေစိုက် နိုင်ငံခြားသတင်းဌာနများနှင့်
ပြည်တွင်းသတင်းထောက်များ ဝင်ထွက်ခွင့်ရရှိရေးအတွက် သိရှိလိုပါက ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ
ဖုန်း ၀၆၇-၄၁၂၀၀၂ သို့လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
ဖုန်း ၀၆၇-၄၁၂၁၂၅ နှင့် ၄၁၂၁၂၆ တို့သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း
ဖော်ပြထားသည်။