နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သည့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးစေလိုဟု ဆို

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သည့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးစေလိုဟု ဆို

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သည့် ဒေသခံပြည်သူများအား ရေရှည်တွင် ကျန်းမာရေး
စောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးရန်နှင့် ကျန်းမာရေး
အသိပညာပေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့က နာဂအရပ်ဘက်
လူမှုအဖွဲ့အစည်းများမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နာဂအမျိုးသားရေးရာကောင်စီမှ
ဦးနော်အောင်ဆန်းက ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြထားသည်။

နာဂဒေသရှိ ကျေးရွာများတွင် ကျေးရွာဆေးပေးခန်းများ၊ ဆရာဝန်နှင့် သူနာပြုဆရာမများ
မရှိသောကြောင့် လစ်လပ်နေသော ကျန်းမာရေးဝန်ထမ်းနေရာများတွင် တာဝန်ထမ်းဆောင်ချင်
လာစေရန် အစိုးရဘက်မှ ပံ့ပိုးကူညီပေးဖို့လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော
နာဂဒေသရှိ ကျေးရွာများသို့ ရောက်ရှိရန် အဆင့်ဆင့်သွားရောက်ရသည့်အတွက် ထိုဒေသတွင်
နေထိုင်သူများအနေဖြင့် ကျန်းမာရေး အသိပညာဗဟုသုတ အားနည်းမှုများရှိနေသည်ကို
ဖြည့်ဆည်းပေးရန်လိုကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါ
အခြေအနေ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှု အခက်အခဲ ကြံုတွေ့နေရခြင်းနှင့် စပ်လျဉ်းပြီး
၄င်းက ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နာဂဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်လာစေရေးအတွက် လမ်းမကြီးများနှင့် ကျေးရွာချင်းဆက်လမ်းများ အစရှိသည်ကို
အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးမှုများနှင့်
ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းတို့ကို နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒအတိုင်း
အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ကျေးရွာများရှိ ကလေးငယ်များအားလုံးကို လိုအပ်သည့်
ဖြည့်စွက် အာဟာရနှင့် အားဆေးများ တိုက်ကျွေးနိုင်ရေးအတွက် အထူး စီမံကိန်းတစ်ရပ်
ချမှတ်ဆောင်ရွက်ပေးရန်နှင့် အခြား ဝေးလံခေါင်သီသော ဒေသများအတွက် ကျန်းမာရေးနှင့်
ပညာရေးအစီ အစဉ်များကို နိုင်ငံတော်မှ အထူးစီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်
ဆောင်ရွက်ပေးရန်တို့ကို တောင်းဆိုသည့် သဘောထားကြေညာချက်ကို တိုင်းရင်းသား
လူငယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။