နျူကလီးယား အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါ၀င်ရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့

နျူကလီးယား အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါ၀င်ရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်
လက်မှတ်ရေးထိုးခဲ့သော နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်
(Comprehensive Nuclear-Test-Ban Treaty – CTBT) ကို ယခုအခါ အတည်ပြု ပါ၀င်ရန်အတွက်
ပြည်ထောင်စု လွှတ်တော်မှ သဘောတူညီချက် ရရှိရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးကျော်တင်မှ ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၁၆ ရက်နေ့တွင် တင်ပြခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြထားသည်။

နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးစာချုပ်သို့ မြန်မာနိုင်ငံ ပါ၀င်ခြင်းဖြင့် ဆေးဝါးကုသရေး၊
သီးနှံများ ပြုပြင်ထိန်းသိမ်းရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာများအတွက်
သုတေသနနှင့် သင်ကြားမှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအင်အတွက် အသုံးချရေး စသည့်
ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် အဏုမြူစွမ်းအင်ကို အသုံးပြုနိုင်ရန် နည်းပညာ
အထောက်အပံ့များကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်တွင် နို်င်ငံပေါင်း ၁၈၃ နိုင်ငံမှ လက်မှတ်ရေးထိုးထားပြီး ၁၆၄ နိုင်ငံမှ အတည်ပြု
ပါ၀င်ထားပြီးဖြစ်သည်။

စာချုပ်အရ သတ်မှတ်ထားသည့် အဆင့်မြင့်နျူကလီးယားနည်းပညာ ပိုင်ဆိုင်သော နိုင်ငံ ၄၄ နိုင်ငံက
စာချုပ်သို့ အတည်ပြုဝင်ရောက်မှသာလျှင် စာချုပ်အာဏာသက်ဝင်လာခြင်းရှိမည်ဟု ဆိုသည်။