ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်း

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်း

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များကို စီမံချက်ဖြင့်
စတင်ရှင်းလင်း သိမ်းဆည်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက် ဌာနမှူး ဦးဇော်ဝင်းနိုင်က
မြန်မာ့သတင်းစဉ်သို့ သြဂုတ်လ ၁၇ ရက် ညနေပိုင်းက ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၉ ရက်နေ့က
ဖော်ပြထားသည်။

မြို့တော်ဝန်၏ ညွှန်ကြားချက်ဖြင့် ရေးဆွဲသော စီမံချက် အရ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့်
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်တို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော နောက်ဖေးလမ်းကြားအမှိုက်များ ရှင်းလင်းခြင်းကို
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ထောက်ဌာနမှူးဦးဇော်ဝင်းနိုင်က ပြောကြားခဲ့သည်။

ယင်းတို့အနက် လမ်းမတော်နှင့် ပုဇွန်တောင် မြို့နယ်တို့ကို ဦးစားပေးစံပြအနေဖြင့်
သြဂုတ်လ ၁၅ ရက်မှ စတင်၍ တစ်မြို့နယ်လျှင် အမှိုက်သိမ်းယာဉ်နှစ်စီးနှင့်အတူ
သန့်ရှင်းရေးဝန်ထမ်း ၃ဝ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်မြို့နယ်များကို မြို့ကွက်
တည်ရှိမှုအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် အမှိုက်နှင့်
အညစ်အကြေးများ စုပုံ လျက်ရှိပြီး ကြွက်၊ ခြင်၊ ယင်၊ ပိုးမွှားများ ပေါက်ပွားခြင်း၊ အနံ့အသက်ကောင်းမွန်မှုမရှိခြင်း၊ ရေစီး ရေလာမကောင်းခြင်းနှင့်
ပတ်ဝန်းကျင်နေပြည်သူလူထုအား ကျန်းမာရေးထိခိုက်စေခြင်းတို့ကြောင့်
ထိုသို့ ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ ရှင်းလင်းပြီးသော နေရာများသို့
အမှိုက်များ ထပ်ရောက်မလာရန်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ
အလွန်အရေးကြီးကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နောက်ဖေးလမ်းကြားရှိ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များအပြင်
ချုံနွယ်များ၊ အဆောက်အအုံများ၌ တွယ်ကပ်ပေါက်ရောက်နေသည့် အပင်များ၊
ပျက်စီးနေသည့် ရေပိုက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ သန့်ရှင်းရေး
ဝန်ထမ်းများက ရှင်းလင်းဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ခြောက်မြို့နယ်တွင် နောက်ဖေးလမ်းကြား စုစုပေါင်း ၁၉၅ ခု ရှိပြီး
သိမ်းဆည်းဆောင်ရွက် ရမည့် နောက်ဖေးလမ်းကြား ၁၆ဝ သတ်မှတ်ထားသည့်အပြင်
ခန့်မှန်းအမှိုက်တန်ချိန် ၃၂၇၉ တန်၊ အမှိုက်သိမ်းယာဉ်ခေါက်ရေ ၄၃၇ ခေါက်ခန့်ရှိမည်ဖြစ်ကြောင်း
သိရသည်။