အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး ဆူရှမာ ဆွာရက်ဂျ်သည် လာမည့် သီတင်းပတ်တွင်
မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင်
သြဂုတ်လ ၁၉ ရက်နေ့က ဖော်ပြထားသည်။
မြန်မာအစိုးရသစ်လက်ထက် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့်
အိန္ဒိယပြည်ပရေးရာ ၀န်ကြီးသည် သြဂုတ် လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ်
သွားရောက်မည်ဖြစ်ကြောင်း၊ ၄င်းနှင့်အတူ နို်င်ငံခြားရေးအတွင်းဝန် အက်စ် ဂျိုင်ရှန်ကာနှင့် အခြားသော
အကြီးတန်းအရာရှိများလည်း ခရီးစဉ်တွင် လိုက်ပါမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာန၏
ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
အဆိုပါခရီးစဉ်အတွင်း အိန္ဒိယပြည်ပရေးရာ ၀န်ကြီးသည် နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့်
တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု
၀န်ကြီးနှင့်လည်း တွေ့ဆုံကာ မကြာမီ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ဘင်းမ်စတက်
ထိပ်သီးညီလာခံအတွက် စီစဉ်မှုများနှင့် စပ်လျဉ်း၍ အဓိကထား ဆွေးနွေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ဖြည့်စွက်ဖော်ပြထားသည်။










