အခြေခံဆရာဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားစေရန်၊ ဂုဏ်သိက္ခာမြင့်မားစေရန်နှင့်
လူမှုဘဝပြည့်စုံရေးကို အထောက်အကူဖြစ်စေရန်အတွက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့နှင့်
တော်ဝင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ တတိယအကြိမ်မြောက် ထူးချွန်ဆရာဆု ရွေးချယ်
ချီးမြှင့်ရေး အစီအစဉ်ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။
ဗဟိုအဆင့်တွင် ထက်/လယ်/မူ သုံးဆင့်လုံး၌ ပထမဆု ငွေကျပ်သိန်း ၄ဝ၊ ဒုတိယဆု ငွေကျပ်
သိန်း ၂ဝ၊ တတိယဆု ငွေကျပ် ၁ဝ သိန်းစီ၊ ထက်/လယ်/ မူ ဆရာသုံးဦးစီဖြင့် ထူးချွန် ဆုရှင်
ကိုးဦးတို့အား ငွေကျပ် သိန်း ၂၁ဝ ချီးမြှင့်မည်ဖြစ်ပြီး ဗဟိုအဆင့်သို့ လာရောက်ယှဉ်ပြိုင်ရမည့်
ဆရာ ဆရာမဦးရေ မှာ ၅၄ ဦးဖြစ်ကာ အဆိုပါဆရာတို့၏ ကုန်ကျစရိတ်ကိုလည်း ဗဟိုက
ကျခံပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင်လည်း
ထက်/ လယ်/ မူ သုံးဆင့်လုံး၌ ပထမဆုငွေ ကျပ်ငါးသိန်း၊ ဒုတိယဆုငွေကျပ် သုံးသိန်း၊
တတိယဆုငွေကျပ်နှစ်သိန်းစီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီတွင် ဆုရှင်ကိုးဦးစီဖြင့်
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုအတွက် ဆုရွေးချယ်ချီးမြှင့်ပွဲ တစ်ကြိမ်လျှင် တစ်ပြည်လုံး၌
ထူးချွန်ဆရာ ၁၆၂ ဦး ပေါ်ထွက်မည်ဖြစ်ပြီး ဆုငွေပေါင်း ငွေကျပ် သိန်း ၅၄ဝ ချီးမြှင့်မည်ဖြစ်သည်။
ကျောင်းအဆင့် ရွေးချယ်မှုကို စက်တင်ဘာ ၁၁ ရက်၊ မြို့နယ် အဆင့်ရွေးချယ်မှုကို စက်တင်ဘာ
၂၅ ရက်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ရွေးချယ်မှုကို နိုဝင်ဘာ ၁၃ ရက်နှင့် ဗဟို
အဆင့်ရွေးချယ်မှုကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တစ်ပြည်လုံး တစ်ချိန်တည်း
ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ရေးဖြေ၊
နှုတ်ဖြေစစ်ဆေးအကဲဖြတ်ခြင်း၊ ဗဟိုအဆင့်တွင် ရေးဖြေ၊ နှုတ်ဖြေအပြင် လက်တွေ့သင်ကြားပြသမှု
ဆန်းစစ်အကဲဖြတ် ခြင်း တို့ကို ဆောင်ရွက်မည်ဟု သိရသည်။
ဆုရွေးချယ်ချီးမြှင့်မှုနှင့် စပ်လျဉ်း၍ အသေးစိတ်လုပ်ငန်းအစီအစဉ်ကို သက်ဆိုင်ရာ ဦးစီးဌာနများ၊
တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ပညာရေးဌာန များသို့ ဆက်လက်ပေးပို့မည်ဖြစ်ကာ အခြေခံ
ပညာကျောင်း အသီးသီးရှိ ဆရာဆရာမများအားလုံး အဆင့်အလိုက် မပျက်မကွက် ပါဝင်ယှဉ်ပြိုင်ကြရန်
နှိုးဆော်ထားကြောင်း ဖော်ပြထားသည်။









