အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီတို့ မြန်မာ့ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် သတင်းမှာမမှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်

အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီတို့ မြန်မာ့ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် သတင်းမှာမမှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်

အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-(K) တို့ မြန်မာနိုင်ငံ
နယ်နိမိတ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်
သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ် လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့ က
ဖော်ပြထားသည်။

မြန်မာနိုင်ငံနယ်စပ်တွင် သြဂုတ်လ ၁၉ ရက်က အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်
ကောင်စီ NSCN(K) တို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း၊
အနည်းဆုံး လူ ၃ဝ ခန့်ရှိသည့် အိန္ဒိယအစိုးရတပ်များက မြန်မာ နိုင်ငံဧရိယာအတွင်း ဝင်ရောက်
ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယ အစိုးရတပ်ဖွဲ့များသည် လေထီးတပ်သား ၁၂ ဦးကို ဦးစွာ
စေလွှတ်ပြီး ကျန်မြေပြင်တပ်က မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကြောင်း၊ အိန္ဒိယအစိုးရတပ်က
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း စစ်ဆင်ရေး တစ်ခုပြုလုပ်ခဲ့ကြောင်း စသည်ဖြင့် နာဂတပ်ဖွဲ့က
ထုတ်ပြန်သည့် သတင်းဇာစ်မြစ်ကို ကိုးကားကာ ပြည်တွင်းအင်တာနက်သတင်းနှင့် အိန္ဒိယ
သတင်းမီဒီယာအချို့က အစောပိုင်းတွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

မြေပြင်သတင်းစိစစ်ချက်များအရ သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်
နယ်နိမိတ်မှတ်တိုင်အမှတ်-၁၅၁ ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံအတွင်း
အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီတို့အကြား လက်နက်ကြီး၊
လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သံများကြားရကြောင်း၊ ရွှေလောကျေးရွာအုပ်ချုပ်ရေးမှူးက
ယမ်းကြံုးကျေးရွာရှိ တပ်မတော် စစ်ကြောင်းသို့ သတင်းပေးပို့ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး
လှုပ်ရှား နေသည့် တပ်မတော်စစ်ကြောင်း များကလည်း တစ်ဖက်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့
အစည်းများ ဝင်ရောက်လာမှုမရှိစေရေး ပိတ်ဆိုထားပြီး နယ်မြေအလိုက် စောင့်ကြည့်လျက်ရှိကြောင်း
သိရသည်။