သြဂုတ်လ ၃၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင်
ကလေးသူငယ်များ အရေးနှင့် အနာဂတ်အကျိုးအား ထည့်သွင်းစဉ်းစားပေးရေးအတွက်
မြန်မာနိုင်ငံဘာသာပေါင်းစုံ အဖွဲ့ ကြီးမှ ဘာသာရေးခေါင်းဆောင်များက အကြိုဆုတောင်းပွဲ
တစ်ရပ်ကို ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့နှင့် ရတနာ့ မေတ္တာအဖွဲ့တို့၏ ကူညီပံ့ပိုးမှုဖြင့်
သြဂုတ်လ ၂၁ ရက်နေ့တွင် ချက်ထရီယံဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာအဖွဲ့၊ အစ္စလာမ်ဘာသာအဖွဲ့နှင့်
ဟိန္ဒူဘာသာ အဖွဲ့များမှ ဆုတောင်း စကားများ အသီးသီးပြောကြားခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့်
စပ်လျဉ်း ၍ ဟောပြော ခဲ့ကြကြောင်း၊ တက်ရောက်လာသော ဘာသာရေး ခေါင်းဆောင်များ၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊
သံတမန်များ၊ အရပ် ဘက်အဖွဲ့အစည်းများက ကလေးများအတွက် ငြိမ်းချမ်းရေးဆန္ဒပြု
လက်မှတ်များကို White board ပေါ်တွင် စုပေါင်းရေးထိုးခြင်း၊ ဖယောင်းတိုင် ထွန်းညှိ
ဆုတောင်းခြင်း၊ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရ
သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ စစ်ပွဲများအမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးကို လက်တွေ့
အကောင် အထည်ဖော်သွားရန်နှင့် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ရေး
ဆွေးနွေး ညှိနှိုင်းရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် အကျိုး စီးပွားတို့ကို အဓိက
ထည့်သွင်းဆွေးနွေးပေးရန် အဆိုပါ ဆုတောင်း ပွဲမှ တိုက်တွန်းထားပြီး အခမ်းအနားသို့
ဘာသာရေးခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၂ဝဝ ခန့်
တက်ရောက်ခဲ့သည်ဟု ဆိုသည်။











