ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တက်ရောက်ပါက
မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ပြုလုပ်ခဲ့သော
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကျင်းပရေး
ပူးတွဲကော်မတီအစည်းအဝေးမှ သိရှိရသည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားသည်။
အစည်းအဝေးတွင် သဘာပတိအဖွဲ့၊ ညီလာခံတက်ရောက်မည့် သူများစာရင်း၊ နေ့အလိုက်
ဆွေးနွေးမည့် အစီအစဉ်များနှင့် အထွေထွေတို့ကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ သံရုံးများ၊
ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက် အကူပေးသည့် နိုင်ငံတကာ
အဖွဲ့အစည်းများ အပါအဝင် လူပေါင်း ၁၈၀၀ ခန့်အား ညီလာခံသို့ တက်ရောက်ရန်
ဖိတ်ကြားသွားမည်ဖြစ်ကြောင်း အစည်းအဝေးကျင်းပရေး ပူးတွဲကော်မတီအတွင်းရေးမှူး
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂကို ကိုယ်စားပြုသည့်အနေဖြင့် မစ္စတာဘန်ကီမွန်းသည် ညီလာခံသို့ တက်ရောက်မည်
ဖြစ်ကြောင်း၊ အတိအကျမပြောနိုင်သေးသော်လည်း သြဂုတ်လ ၃၁ ရက်နေ့ သို့မဟုတ်
စက်တင်ဘာလ ၁ ရက်နေ့တွင် ညီလာခံသို့ တက်ရောက်ကာ အစိုးရဘက်မှ အမှာစကားမိန့်ခွန်း
ပြောကြားမည်ဟု ယူဆရကြောင်း UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားခဲ့သည်။










