မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း၌ သြဂုတ်လ ၂၂ ရက်နေ့တွင်
ကျင်းပခဲ့သော လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(လေ) အတွက် လိုအပ်နေသည့်
အဆင့်မြင့် လေယာဉ်၊ ရဟတ်ယာဉ်များအား ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှ
ယနေ့အထိ လေယာဉ်အမျိုးအစား ၆ မျိုး၊ စီးရေ ၅၁ စီး၊ ရဟတ်ယာဉ် အမျိုးအစား ၃ မျိုး၊ စီးရေ
၁၀ စီးတို့အား တပ်တော်ဝင်၍ လွှဲပြောင်းပေးအပ်ခဲ့ပြီး လေယာဉ်များအား စည်းကမ်းစနစ်ကျနစွာဖြင့်
ထိန်းသိမ်း ကိုင်တွယ်အသုံးပြုကြရန်လိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်မောင်မောင် ကျော်က လေယာဉ်များအား
တပ်တော်ဝင်အဖြစ် ကြေညာခဲ့ပြီး အခမ်းအနားအထိမ်းအမှတ်အဖြစ် လေယာဉ်နှင့် ရဟတ်ယာဉ်များ
သရုပ်ပြပျံသန်းကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုခဲ့ကြသည်ဟု သိရသည်။
တပ်တော်ဝင်လေယာဉ်များအနက် Y-8F လေယာဉ်သည် အင်ဂျင်လေးလုံးတပ် အလတ်စား
သယ်ယူ ပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး ခရီးသည်သယ်ယူပို့ဆောင်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊
တပ်ဖွဲ့များ ရွှေ့ပြောင်းခြင်း၊ ကုန်ပစ္စည်း များသယ်ယူပို့ဆောင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မျက်မြင်ကင်းထောက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်မည်
ဖြစ်သည်။
Grob လေယာဉ်မှာမူ ကမ္ဘာ့နိုင်ငံများတွင်လည်း အမောင်းသင် လေယာဉ်အဖြစ် အသုံးပြုနေကြသော
အင်ဂျင်တစ်လုံးတပ် ခေတ်မီအမောင်းသင်လေယာဉ်ဖြစ်ကြောင်း သိရသည်။










