ရန်ကုန်မြို့ပြဘတ်စ်ကားလိုင်းများအား BRT Lite ယာဉ်လိုင်းကဲ့သို့ အများနှင့် သက်ဆိုင်သော
အများပိုင်ကုမ္ပဏီဖွဲ့ကာ စနစ်တကျပြေးဆွဲအကောင်အထည်ဖော်နိုင်ရေးကို ယခုနှစ်အတွင်း
ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး
ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းများကို အများနှင့်
သက်ဆိုင်သော ကုမ္ပဏီများအဖြစ်ပြန်လည်ဖွဲ့စည်းပြီး စနစ်တကျပြေးဆွဲရန် တိုင်းဒေသကြီး
အစိုးရအဖွဲ့က တွန်းအားပေးလျက်ရှိရာ မ.ထ.သ၊ ပါရမီ အစရှိသည့် ယာဉ်လိုင်းအဖွဲ့
အစည်းများအနေဖြင့် အများပိုင်စနစ်ဖြင့် ဖွဲ့စည်းပြေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း၊
လက်ရှိတွင် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းလုပ်ကိုင် ရန် စာရင်းပေးသွင်းထားသော ကုမ္ပဏီ
ကိုးခုခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု
အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
အများပိုင်ဘတ်စ်ကားလိုင်းများပြေးဆွဲမည့် ကုမ္ပဏီများအနေဖြင့် အသုံးပြုရမည့်
ဘတ်စ်ကားများကို အနိမ့်ဆုံးအနေဖြင့် ၂ဝဝ၆ ခုနှစ်ထုတ် မော်ဒယ်များကို သုံးစွဲရမည်ဖြစ်ပြီး
လေအေးပေးစက်ကောင်းမွန်သောကားများ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး
ခေတ်မီငွေပေးချေကတ်သုံး ယာဉ်စီးခ ပေးချေစနစ် ဖြင့်၊ လစာဖြင့် ခန့်အပ်သော
ယာဉ်မောင်းများကို စနစ်တကျ အသုံးပြုသွားရမည်ဖြစ်ကာ အများ ပြည်သူဝန်ဆောင်မှုကို
ရှေးရှုလုပ်ဆောင်စေမည်ဖြစ်ကြောင်း၊အဆိုပါ အများပိုင်ယာဉ်လိုင်းဖွဲ့စည်း ဆောင်ရွက်သည့်
ကုမ္ပဏီများကိုလည်း အစိုးရဘက်မှ ပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အစိုးရ၏ ထည့်ဝင်မှု၊ အများပြည်သူ၏ ပါဝင်မှုဖြင့် PPP (Public Private
Partnership) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ရန်ကုန်ဘတ်စ်ကား
အများပိုင်ကုမ္ပဏီလီမိတက် မှ BRT Lite ယာဉ်လိုင်းအမှတ်(၁)၊ အမှတ် (၂) ကိုပြေးဆွဲပေးလျက်
ရှိပြီး ကြိုက်နှစ်သက်ရာ စီးနင်းသူ များပြားလာသောကြောင့် မကြာမီတွင်
လမ်းကြောင်း(၃)ဖြစ်သည့် အမှတ်(၃) ယာဉ်လိုင်းကို ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း
အဆိုပါ ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
- MOI Webportal Myanmar









