ရန်ကုန် - မန္တလေး ရထားခရီးစဉ်ကို ရှစ်နာရီနှင့် မောင်းနှင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေ
ဒေါ်လာ နှစ်ဘီလီယံကို အသုံးပြုကာ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းကို မြန်မာ့မီးရထားမှ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား နေပြည်တော်(ရုံးချုပ်) မှ အထွေထွေမန်နေဂျာ
(မြို့ပြအင်ဂျင် နီယာဌာန) ဦးတင်စိုးက ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၂၄ ရက်နေ့က ဖော်ပြထားသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားခရီးစဉ်ကို ၁၄ နာရီကြာ ခုတ်မောင်းနေခြင်းဖြစ်ပြီး အဆိုပါ
လမ်းပိုင်းများ မြှင့်တင်ပြီးပါက ရှစ်နာရီနှင့် ရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊
ဂျပန်နိုင်ငံချေးငွေဖြင့် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းများကို လာမည့်နှစ် ဧပြီလတွင်
စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထား ခုတ်မောင်းချိန်လျော့ နည်းပြီး အချိန်တိုအတွင်း
ရောက်ရှိရေးအတွက် ကြိုးစားလုပ်ဆောင်နေကြောင်း မြန်မာ့မီးရထား (နေပြည်တော်ရုံးချုပ်) မှ
အထွေထွေမန်နေဂျာ ဦးတင်စိုးက ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းအရ တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ (မိုင် ၆ဝ) နှုန်း မောင်းနှင်နိုင်သော
ရထားလမ်းပိုင်းများအဖြစ် အဆင့်မြှင့်တင်ကာ ၂ဝ၂၃ ခုနှစ်တွင် ရန်ကုန်- မန္တလေးသို့ ရထားဖြင့်
ရှစ်နာရီ ခုတ်မောင်းချိန်နှင့် ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းများကို
ရန်ကုန် - တောင်ငူ၊ တောင်ငူ - ရမည်းသင်းနှင့် ရမည်းသင်း - မန္တလေး အပိုင်း သုံးပိုင်းခွဲ၍
ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရသည်။









