ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့်
ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေ ရာတွင် နိုင်ငံတော်အစိုးရအား အကြံပြုရန်
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ သြဂုတ် လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော
သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့်
ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုး
မည်ဖြစ်သည်။
အကြံပေးကော်မရှင်တွင် ကိုဖီအာနန် ဖောင်ဒေးရှင်းတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာ ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် များအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ လက်ဘနွန်နိုင်ငံ
ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ်
(၂ဝဝ၃-၂ဝဝ၆) မစ္စတာဂါဆန်ဆလမ်၊ ကုလ သမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ
အစီအစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅- ၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်
သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅) မစ္စလက်တီတီရာ ဗန်ဒန်အာဆမ်၊ ငြိမ်းချမ်း မေတ္တာအဖွဲ့တည်ထောင်
သူနှင့် အမြုတေအဖွဲ့ဝင်ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ သားဖွားမီးယပ်ပညာအဖွဲ့ ဥက္ကဌနှင့် မြန်မာနိုင်ငံဆရာဝန်များအသင်းအဖွဲ့ဝင် ဒေါက်တာ မြသီတာ၊ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်း(ရန်ကုန်)
ဥက္ကဌ၊ ရခိုင်အမျိုးသမီးများအသင်း ဒုတိယ ဥက္ကဌ ဒေါ်စောခင်တင့်တို့ ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြံုရေးနှင့် အခြေခံအခွင့်အရေးများအား
အာမခံချက်ပေးနိုင်ရေးကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ
ကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေး ကိစ္စများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊
အခွင့်အရေးများနှင့် ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်းအဆောက် အအုံများ
တည်ထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး စသည့် ကဏ္ဍများကိုလည်းကောင်း၊ ပြည်ပနိုင်ငံများတွင်
ဒုက္ခသည်အဖြစ် ခံယူသူများ ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံ အကြောင်းအရာအပါအဝင် နိုင်ငံတကာ
ဆက်နွှယ်မှုတို့ကို လည်းကောင်း သုံးသပ်အကြံပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့ပြင် လေ့လာသုံးသပ်အကြံပြုချက်များ ပါဝင် သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်မှ တဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူ လူထုသိရှိနိုင်ရေးအတွက်
အစီရင်ခံစာကိုလည်း ထုတ်ဝေ ဖြန့်ချိမည်ဖြစ်ကြောင်း၊ အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး
၁၂ လ ကာလထက် နောက်မကျစေဘဲ တင်ပြမည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။










