BRT Lite ဘတ်စ်ကားလိုင်း ခရီးစဉ်လမ်းကြောင်း အမှတ်(၃)ကို ယနေ့ စတင်ပြေးဆွဲ

BRT Lite ဘတ်စ်ကားလိုင်း ခရီးစဉ်လမ်းကြောင်း အမှတ်(၃)ကို ယနေ့ စတင်ပြေးဆွဲ

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် BRT Lite စနစ်ဖြင့် ဘတ်စ်ကားလိုင်းခရီးစဉ်လမ်းကြောင်း
အမှတ်(၃) ကို သြဂုတ်လ ၂၄ ရက် ယနေ့နံနက်တွင် စတင်ပြေးဆွဲပြီဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား
အများပိုင်ကုမ္ပဏီလီမိတက်မှ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၂၄ ရက်နေ့က ဖော်ပြထားသည်။

လက်ရှိ ပြေးဆွဲလျက်ရှိသော လမ်းကြောင်း-၁၊ လမ်းကြောင်း-၂ အပြင် သြဂုတ်လ၂၄ ရက်တွင် ခရီးစဉ် လမ်းကြောင်းသစ် ဖြစ်သည့် လမ်းကြောင်း-၃ကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း၊ လမ်းကြောင်း-၃ တွင် အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာ အဝေးပြေးကိုဖြတ်ပြီး ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာ လမ်းအတိုင်း လှည်းတန်းကိုဖြတ်ပြီး အင်းစိန်၊ ဖော့ကန်၊ တညင်း ကုန်းမှတဆင့် ပြည်လမ်းမကြီး ပေါ်သို့ ပြန်တက်ကာ ထောက်ကြန့် ဘက်သို့ ကားအစီးရေ ၂ဝ ခန့်ဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက် ယာဉ်ရပ်မှတ်တိုင်ပေါင်း ၃၈ ခု ပါဝင် မည် ဖြစ်ကြောင်း ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။ BRT Lite ယာဉ်လိုင်း၌ ကတ်စနစ်ဖြင့် ငွေပေးချေရာတွင် မှန်မှန် ကန်ကန် ငွေပေးချေစီးနင်းမှုများ ရှိသကဲ့သို့ ငွေပေးချေမှုမရှိဘဲ စီးနင်းမှုများ၊ ယာဉ်ရပ်မှတ်တိုင်များကို စည်းကမ်းမဲ့ဖျက်ဆီးထားမှု များကို လည်း ကြံုတွေ့ရလျက်ရှိကြောင်း၊ ယင်းသို့ အခက်အခဲများ ရှိသော်လည်း BRT Lite စနစ်ဖြင့် ဘတ်စ်ကားပြေးဆွဲမှုကို အောင်မြင်စေရန် စီစဉ်ထားရှိထားပြီး ယာဉ်အသစ်များ ထပ်မံ ဝယ်ယူခြင်း၊ ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကို ဆောင်ရွက် သွားမည်ဟု အဆိုပါဘတ်စ်ကားလိုင်းမှ သိရသည်။ မူရင်းဓာတ်ပုံ။ MOI Webportal Myanmar