၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ
သိရှိနိုင်ရန် ကြေညာချက်တစ်ရပ်ကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ
သြဂုတ်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင်
စက်တင်ဘာ ၁ ရက်မှစ၍ သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချသွားမည်ဖြစ်ပြီး
ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဘာသာတွဲအမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့်
ဖြေဆိုမည့်သူများသည် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊
ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆို မည့်သူများသည် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့်
ကတ်ပြားပုံစံဖြင့် လည်းကောင်း တင်သွင်းရန် ခွဲခြားသတ်မှတ်ထားကြောင်း အဆိုပါ ကြေညာချက်တွင်
ဖော်ပြထားသည်။
ပြင်ပဖြေလျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး
များတွင် ကျသင့်ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်
ကပ်ကာ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာလ ၁ ရက်မှ
၃ဝ ရက် အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား
ကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများ သည် ကျသင့်ငွေသွင်း
တံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်ကာ စုပေါင်းပြီး မြန်မာနိုင်ငံ
စာစစ်ဌာနသို့ စက်တင်ဘာလ ၁ ရက်မှ ၃ဝ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်
ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ရက်အတွင်း လျှောက်လွှာအချိန်မီပေးပို့ခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်သကဲ့သို့
တင်သွင်းသည့် ၀င်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြထားသည့် ဘာသာတွဲမှအပ အခြား ဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်မရှိသည့်အတွက် ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု
ရှိ/မရှိ သေချာစွာစစ်ဆေး ပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရမည်ဖြစ်သည်။
လျှောက်လွှာပုံစံ များနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် ၅၂၊ နေပြည်တော်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊
ရန်ကုန်မြို ့နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ် ၁၆၆၊ လသာလမ်း၊ ရန်ကုန်မြို့တို့တွင် ဝယ်ယူနိုင်သည်ဟု
ဆိုသည်။









