သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် သြဂုတ်လ ၂၆ ရက်နေ့က ဖော်ပြထားသည်။
သြဂုတ်လ ၂၄ ရက်က မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော မြောက်ဦးမြို့ရှိ ရှေးဟောင်း
ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရခိုင်ပြည်နယ် လူမှု ရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေး
ဝန်ကြီး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက သြဂုတ်လ ၂၅ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ငလျင်ကြောင့် အထင်ကရတန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သော ရှေးဟောင်းသမိုင်းဝင် ရတနာ့ မာရ်အောင်
ဘုရားမှ စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်ပျောဖူးအခြေ ကြာမှောက်အပေါ်ပိုင်းအထိ ပေ ၂ဝ ခန့်၊
ထီးတော် အောက်ဆုံးအဆင့် ကိုးလက်မခန့် ပြိုကျခြင်း၊ ရတနာပုံ စေတီတော်ကြီး၏ စိန်ဖူးတော်၊
ထီးတော် အောက်ဆုံး အဆင့်တွင် ကိုးလက်မခန့် ပြိုကျခြင်းနှင့် ကိုးသောင်း ပုထိုးတော်ကြီး၏
အရှေ့ မြောက်ထောင့်ရှိ လိုဏ်ပတ် လမ်း ယာယီသွပ်မိုးထားသောနေရာများတွင်
ကျောက်တုံးအပိုင်းအစများ ငါးခုခန့် ပြုတ်ကျခဲ့ခြင်းနှင့် နံရံကပ် ဆင်းတု သုံးဆူခန့့်
ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ပျက်စီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊
ညွှန်ကြား ရေးမှူး ဦးညိမ်းလွင်က ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များအား
ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။









