သြဂုတ်လ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ
ပုဂံဘုရား ပုထိုးများအား ပြန်လည် ပြုပြင်မွမ်းမံရာတွင် ပြည်တွင်းပြည်ပ ဘုရားဖူးများ
စိတ်ဝင်စားသည့် ဘုရားပုထိုးများကို ဦးစားပေး ပြုပြင်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်
ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက် စာမျက်နှာ တွင် သြဂုတ်လ ၂၆ ရက်နေ့က
ဖော်ပြထားသည်။
ပြည်တွင်းပြည်ပဘုရားဖူးများ စိတ်ဝင်စားသည့် ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ ပြဿဒ်ကြီး၊
စေတနာကြီးနှင့် ဓမ္မရံကြီး ဘုရားများကို ဦးစားပေးပြုပြင်သွားမည်ဖြစ်ပြီး ကျန်စေတီပုထိုး များကိုလည်း အဆင့်သတ်မှတ်ကာ ပြုပြင်ခြင်း သို့မဟုတ် တစ်ပြိုင် တည်း ဖြန့်ကြက်ပြုပြင်ခြင်းများကို ဆောင်ရွက်
သွားမည်ဟု ၀န်ကြီး သူရဦးအောင်ကိုက ရှင်းလင်းပြောကြားခဲ့သည်။ ငလျင်ဒဏ်ကြောင့် ပုဂံရှိ
ဘုရားပုထိုးစေတီများ၏ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်င်ရန် လေ့လာခဲ့ကြောင်း၊
ပြိုကျပျက်စီးခဲ့သော ဘုရားပုထိုးများ၏ ခိုင်ခံ့မှုအတွက် ဘုရား များအတွင်း မိုးရေမဝင်စေရန်
ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့က သြဂုတ်လ ၂၆ ရက်မှစ၍
မိုးကာစများဖြင့် စနစ်တကျကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာ
ပညာရှင်များက လေ့လာ ဆန်းစစ်နေစဉ်အတွင်း လက်ရှိအခြေအနေထက် ပိုမိုထိခိုက်မှု မရှိစေရန် ထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် စေတီများကို သေချာစွာစိစစ်ပြီး လက်ရှိတွင် စေတီပုထိုး ၃၃ ဆူကို
၀င်ရောက်ခွင့် တားမြစ် ထားသကဲ့သို့ ထိခိုက်ပျက်စီးသွားသော ဌာပနာများ၊ ရှေးဟောင်း ပစ္စည်းများကို
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ယူနက်စကိုအဖွဲ့တို့၏ အကူအညီဖြင့် စနစ်တကျ စိစစ်မှတ်တမ်းပြုစုကာ
ပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဆိုသည်။










