ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းဆိုင်ရာ
အမိန့် (၁/ ၂၀၁၀)ကို လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင်
သက်ဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ အရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တစ်ရပ်ကို ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေလုပ်ပိုင်ခွင့်အရ
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အလှကုန်ပစ္စည်းဆိုင်ရာ အမိန့် (၁/ ၂၀၁၀) ကို
ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါအမိန့်အရ ပြည်တွင်း၌“ ဈေးကွက်တင်ရောင်းချသော အလှကုန်ပစ္စည်းများကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် လက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း၊ အလှကုန်ပစ္စည်း ဈေးကွက်တင်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာန၏
အမိန့်အမှတ် (၁/၂၀၁၀) ကို လိုက်နာကျင့်သုံး ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်း မရှိသေးသောအလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တွေ့ရှိရပါက ဥပဒေအရ ထိရောက်စွာ
အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။









