မြန်မာနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ဝေးကွာနေသည့်
စိန်ခေါ်မှု ပြဿနာကို ဖြေရှင်းပေးမည့် ပထမဆုံး HOTLINE ဖုန်းနံပါတ်ကို ပြည်သူများစတင်
အသုံးပြုနိုင်ပြီဖြစ်ကြောင်း Blue Ocean Contact Center ၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၉ ရက်နေ့က
ဖော်ပြထားသည်။
ပြည်သူတို့၏ လိုအပ်ချက်များကို အချိန်နဲ့တစ်ပြေးညီ သိရှိကာ ပြည်သူ နှင့် လွှတ်တော်ကိုယ်စားလှယ်
များအကြား ဝေးကွာနေသော စိန်ခေါ်မှု ပြဿနာကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ရန်အတွက်
လွှတ်တော် ကိုယ်စားလှယ်များကို သိစေချင်၊ တိုင်ကြားချင်သော မည်သည့် မက်ခ်ျ ဆေ့မျိုးကို
မဆို HOTLINE ၀၁- ၂၃၉၉၁၀၈ မှတဆင့် ပြည်သူများမှ ၂၄ နာရီပတ်လုံး ပြောဆိုနိုင်ရန်
Blue Ocean မှ အချိန်နှင့် တစ်ပြေးညီ ဝန်ဆောင်စရိတ်လုံးဝမယူဘဲ CSR အနေဖြင့်
လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း Blue Ocean မှ လက်ထောက် အထွေထွေမန်နေဂျာ
ဦးအောင်အောင်ဇော်က ပြောကြားခဲ့သည်။
အဆိုပါ HOTLINE မှတဆင့် ဩဂုတ်လ ၂၇ ရက်၊ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အကြားတွင်
လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ပြည်သူများ မေးမြန်း၊ သိလိုသည့် အချက်များကို ကိုယ်တိုင်
ပြန်လည်ဖြေကြားပေးခဲ့သည်။ ထိုကဲသို့ HOT LINE မှတဆင့် ပြောဆိုတိုင်ကြားမှုများကို
Blue Ocean Contact Center မှ မှတ်သားထားပြီး လွှတ်တော်ကိုယ်စားလှယ်များသို့ အချိန် နှင့်
တစ်ပြေးညီ အကြောင်းကြားအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု စတင်အကောင်အထည်ဖော်သည့် HOTLINE ကို ပိုင်းလော့ ပရောဂျက်အနေဖြင့် ကွမ်းခြံကုန်း၊
ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူးနှင့် ကိုကိုးကျွန်းမြို့နယ်များမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး များမကြာမီ
ကာလတွင်လည်း ယခုကဲ့သို့ ဆက်သွယ်သွားလာမှု အဆင်မပြေသည့် မြို့နယ်များကို
ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Blue Ocean Contact Center မှ
သိရသည်။
Blue Ocean အနေဖြင့် မြန်မာနိုင်ငံ တွင် ပထမဆုံး Contact Center ကို ၂၀၁၁ ခုနှစ်က
စတင်ဖွင့်လှစ်ခဲ့ ပြီး ယခုအခါတွင် ရန်ကုန်- မန္တလေးအမြန်လမ်းအရေးပေါ် HOTLINE ၁၈၈၀၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ HOT LINE ၁၈၈၁၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့
HOT LINE ၁၈၈၂၊ ပြန်ကြားရေးဝန်ကြီးဌာန HOT LINE ၁၈၈၃နှင့် ယခု လွှတ်တော်ကိုယ်စားလှယ်များ
HOTLINE ၀၁-၂၃၉၉၁၀၈ တို့ကို CSR အနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး အခြားစီးပွားရေးလုပ်ငန်းသုံး
HOT LINE များကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။










