ရန်ကုန်မြို့တွင်းမြို့နယ်များရှိ မြို့တော်စည်ပင်မှ တာဝန်ယူကာ သန့်ရှင်းရေးပြုလုပ်ပြီးစီးသော
ရပ်ကွက်အချို့တွင် နောက်ဖေး လမ်းကြားများ အစဉ်သန့်ရှင်းမှုရှိနေစေရန်အတွက် စည်းကမ်းမဲ့
အမှိုက်ပစ်ခြင်း၊ အဝတ်တန်းများ၊ အမိုးအဖီပြုလုပ်ခြင်းများ ပြန်လည် မြင်တွေ့ရပါက ငွေဒဏ်၊
ထောင်ဒဏ် ချမှတ်အရေးယူသွားမည်ဟု သိရကြောင်း လမ်းမတော်မြို့နယ်(၅)ရပ်ကွက်အတွင်း
နေထိုင်သူ များက သြဂုတ်လ ၂၈ရက်တွင် ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီမှ ငွေအင်အား၊ လူအင်အား များဖြင့် ရှင်းလင်းဆောင်ရွက်ပြီး
ဖြစ်သော နောက်ဖေးလမ်းကြား များတွင် အမှိုက်ပစ်ခြင်း၊ အဝတ်တန်း၊ အမိုးအဖီများပြုလုပ်ခြင်း
တို့ကို တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေအရ ဒဏ်ငွေ
ကျပ်ငါးသောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်ခံ ရနိုင်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း၊ ဘော်ဒါဆောင်နေသူများအနေဖြင့်မူ
စည်းကမ်းမဲ့အမှိုက်ပစ်ပါက အထက်ဖော်ပြပါပြစ်ဒဏ်များဖြင့် အရေးယူခြင်းအပြင် တည်းခိုခန်း
ဥပဒေပုဒ်မအရ အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ရပ်ကွက် အတွင်းရှိ လမ်းအသီးသီးသို့
သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသိပေး ကြေညာခဲ့ကြောင်း
သိရသည်။










