ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းချိုးဖောက်သော ယာဉ်များကို စက်တင်ဘာ ၁ ရက်
မှစ၍ ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး
ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၉ ရက် နေ့က
ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ် စည်းကမ်းချိုးဖောက်နေမှုများကို ပညာပေးကာလ
သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ထိရောက်သည့် အရေးယူမှုကို စက်တင်ဘာ ၁ ရက်မှစ၍
ဆောင်ရွက်မည်ဖြစ်သည်။ ယာဉ်စည်းကမ်းချိုးဖောက် နေမှုများကို အရေးယူရာတွင်
လမ်းပြောင်းပြန်မောင်းခြင်း၊ စည်းကမ်း မဲ့ မောင်းခြင်းများအပါအဝင် ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း
ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးနောက် ပထမ ဦးဆုံးအနေဖြင့် စည်းကမ်းချိုးဖောက်
မှုများကို ထိထိရောက်ရောက် စတင်အရေးယူတော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဘတ်စ်ကား
ပြေးဆွဲမှု စနစ်ကောင်းမွန်အောင် ပြောင်းလဲနိုင်ရေးကို အဓိကထား ဆောင်ရွက်နေကြောင်း
၄င်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားရသည့် အကြောင်းရင်းများတွင် စည်းကမ်းမဲ့
ယာဉ်မောင်းနှင်ခြင်းနှင့် ယာဉ်ရပ်နားခြင်းများ ပါဝင်နေသည့်အတွက် အဆိုပါကိစ္စရပ်ကို
ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်သွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။










